နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

စစ်ကော်မရှင်သည် ဆိုးယုတ်သောဉာဏ်ဖြင့် ရွေးကောက်ပွဲနှင့် စေ့စပ်ဆွေးနွေးရေး အမည်တပ်၍ စစ်ရေးအရ ခေတ္တအသက်ရှူချောင်ရန်၊ နိုင်ငံတကာ သံခင်းတမန်ခင်းဆက်ဆံရေး ပြန်လည်လမ်းပွင့်ရန်နှင့် ပံ့ပိုး ကူညီမှုများ ရရှိလာနိုင်ရန် စသည့် ကလိမ်ခြုံကစားကွက် ခင်းကျင်းနေကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)က ထုတ်ပြန်ပြောဆိုသည်။

ထို့အပြင် ရွေးကောက်ပွဲ အထူးထုတ် ကမောက်ကမဥပဒေနှင့် ခါတော်မီ ဗြူရိုကရေစီ ယန္တရားသစ်များ ခင်းကျင်းပြင်ဆင်နေခြင်းသည်လည်း စစ်ကော်မရှင်၏ ကလိမ်ခြုံဇာတ်ထုပ် မခိုင်မာ၊ မရေရာမှုကို ဝန်ခံအထုပ်ဖြေပြရာ ရောက်နေကြောင်း DPNS က ယနေ့အောက်တိုဘာ ၁၄ ရက်၌ ကျရောက်သည့် ပါတီတည်ထောင်ခြင်း (၃၇)နှစ်မြောက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။

ယခုနှစ်အတွက် DPNS ပါတီအနေဖြင့် “ကလိမ်ခြုံရွေးကောက်ပွဲကို တိုက်ဖျက်ကြ၊ စစ် သုံးစစ်ကို ချေမှုန်းကြ၊ ပြည်သူ့အောင်ပွဲ အရယူကြ” ဟူသော နှိုးဆော်ချက်အား ထုတ်ပြန်ထားပြီး စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရားဆိုသည့် စစ် သုံးစစ်ပေါ် အခြေပြုထားသော စစ်အာဏာရှင်စနစ် တည်မြဲနေသမျှ ပြည်သူများ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း ပါတီ တွဲဘက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ‌ဆိုသည်။

“ကျွန်မတို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုလည်း တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ ခုဆိုရင် စစ်အုပ်စု (စစ်‌ကော်မရှင်)က သူတို့ထွက်ပေါက်ရဖို့ ရည်ရွယ်ပြီး မသမာတဲ့နည်းမျိုးစုံ၊ ကလိမ်ကျတဲ့ နည်းမျိုးစုံကိုသုံးပြီး အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့ ကြိုးစားနေတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ကြောင့် စစ်ကော်မရှင်ကို ထွက်ပေါက်ပေးလိုက်လျှင် တိုင်းပြည်မှာ ယခုထက်ပိုဆိုး‌သော အခြေအနေများ ပေါ်ပေါက်လာမည်ဖြစ်၍ ယင်းရွေးကောက်အား ဆန့်ကျင်တိုက်ဖျက်ရန် အင်မတန် အရေးကြီးသလို တိုက်ဖျက်နိုင်၊ စစ်အာရှင်စနစ် အမြစ်ဖြတ်နိုင်မှသာ ပြည်သူ့အောင်ပွဲ အရယူနိုင်မည်ဖြစ်ကြောင်း DPNS ပါတီ တွဲဘက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ဆက်လက်ဆိုသည်။

ယင်းအပြင် နွေဦးတော်လှန်ရေး အင်အားစုများအနေဖြင့် အာဏာသိမ်းမှုအပါအဝင် စစ်ကော်မရှင်၏ တရားမဲ့လုပ်ရပ် အလုံးစုံကို ဆန့်ကျင်ကာ သပိတ်မှောက်ထားပြီးဖြစ်၍ လူမျိုးစုံပြည်သူ၏ ဆန္ဒနှင့် အကျိုးစီးပွားအား ဆန့်ကျင်နေသည့် ကလိမ်ခြုံ ရွေးကောက်ပွဲကို လက်တွေ့ရသမျှ နည်းသဏ္ဌာန်ပေါင်းစုံသုံး တုန့်ပြန်ကြရန် DPNS ပါတီက ထုတ်ပြန်ဖော်ပြထားသည်။

ဓာတ်ပုံ-ပုံဟောင်းဖြစ်သည်။