ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီ၏ ဒရုန်းတစ်စင်း ထိန်းချုပ်မှုအောက်ကလွတ် မြောက်ပြီး ကျေးရွာအတွင်း လှည့်ပတ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်း ဇူလိုင် ၁၄ ရက်နေ့က လေးမျက်နှာ မြို့နယ်၊ ဘုရားကုန်းရွာအနီးတွင် စစ်ကောင်စီ၏ ဒရုန်းတစ်စင်း ထိန်းချုပ်မှုလွတ်သွားပြီး ထွက်ကြည့်သည့် ကျေးရွာသားများနောက်ကို ပတ်လိုက်ခဲ့ကြောင်း သိရသည်။

“ညဘက်ကြီး ဒရုန်းတစ်စင်းရောက်လာပြီး နှေးနှေးလေးနဲ့ နိမ့်နိမ့်လေးသွားနေတာ။ ရွာသားတွေက မသိတော့ ထွက်ပြေးကြတယ်။ ဓာတ်မီးရောင်နောက်ကို ဒရုန်းကပတ်လိုက်တာ” ဟု လေးမျက်နှာမြို့နေ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရွာသားများမှာ ကြောက်လန့်ပြီး သစ်ပင်ကိုပတ်ပြေးရာတွင် ဒရုန်းမှာပတ်လိုက်နေသဖြင့် အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် စစ်တပ်ကိုအကြောင်းကြားရာ စစ်တပ်မှ လူအင်အားသုံးပြီး ဒရုန်းရှိရာသို့ ရောက်လာကြောင်း သိရသည်။

“အုပ်ကြီးကတပ်ကို ဖုန်းဆက်တော့ ပတ်ပြေးမနေနဲ့ မလွတ်ဘူး။ ဆင်းစေချင်တဲ့နေရာကို ဓာတ်မီးထိုးပြလိုက်လို့ ပြောတော့ ဓာတ်မီးထိုးပြတဲ့နေရာကို ဒရုန်းက ဆင်းလာတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်နှင့်အတူ တိုင်းမှူးကိုယ်တိုင်ဆင်းလာပြီး ဒရုန်းကို ပြန်ယူဆောင်သွားပြီး အဆိုပါ ဒရုန်းမှာ ၁၂ ပေပတ်လည် အကျယ်အဝန်းရှိပြီး ဗုံးသီး ‌ငါးလုံးခန့် တပ်ဆင်ထားကာ ကြောင်း သိရသည်။

“ဒရုန်းမှာပါတဲ့ ဗုံးသီးတွေကိုတော့ စစ်တပ်ကပြန်ယူမသွားဘဲ မြေမြုပ်ခြံခတ်ထားခဲ့တယ်”ဟု ဆိုသည်။

စစ်ကောင်စီက ဒရုန်းရှိရာကို သတင်းပေးသည့် အတွက် တာဝန်သိပြည်သူများဟုဆိုကာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများကို ဆုငွေအဖြစ် ၁၅ သိန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-အင်တာနက်