ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်

ရှမ်းမြောက်၊ နောင်ချိုမြို့အတွင်း မြို့ပေါ်ရပ်ကွက်များကို စစ်ကောင်စီတပ်များ ဝင်ရောက်နေရာယူ ထားပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ တပ်မ (၁၁) နှင့် တပ်မ (၅၅) စစ်ကြောင်းများသည် ယနေ့ ဇူလိုင် ၁၆ ရက် နံနက် အစောပိုင်းက နောင်ချိုမြို့အတွင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရုံးစိုက်ရာဌာနဆိုင်ရာများကို ဝင်ရောက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စစ်သတင်းရင်း မြစ်ထံမှ သိရ သည်။

“အခုသိမ်းလိုက်တဲ့မြို့ပေါ်ရပ်ကွက်တွေက တစ်ခုနဲ့တစ်ခုဆက်နေတာ။ ကျန်တဲ့ရပ်ကွက်တွေကိုလည်း စစ်ကြောင်းဆက်ထိုးပြီး ယူသွားနိုင်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

နောင်ချိုမြို့ပေါ်ရှိ တောင်ရပ်ကွက်၊ ပါဟပ်ရပ်ကွက်၊ ဈေးရပ်ကွက်၊ နားရှိုးရပ်ကွက်၊ ဘူတာရပ်ကွက်နှင့် သပြေရေးရပ်ကွက်များရှိရာ ပါဟပ်ရပ်ကွက်၊ တောင်ရပ်ကွက်၊ ဈေးရပ်ကွက်တို့ကို ထိန်းချုပ်လိုက်ပြီး မြို့မြောက်ဘက်ခြမ်းကို စစ်ကောင်စီက ဆက်လက်ထိုးစစ်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီနှင့် TNLA တို့သည် အုမ္မတီးနှင့် အုမ္မခါးကျေး ရွာများဘက်တွင် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း TNLA နှင့် နီးစပ်သူထံမှသိရသည်။

ကျောက်ကြမ်းရွာအနီးရှိ စစ်ကောင်စီ၏ ခမရ ၁၁၄ နှင့် ၁၁၅ တပ်ရင်းများရှိရာတွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲများဖြစ်နေပြီး TNLA က ဆက်လက်ခုခံနေကြောင်း သိရသည်။

စစ်ကောင်စီသည် နောင်ချိုမြို့ကို အင်အား ၇၀၀၀ ကျော်သုံး၍ ဘက်ပေါင်းစုံမှ စစ်ကြောင်း ထိုးလာခြင်းဖြစ်ပြီး နောင်ချိုမြို့နယ်အနီးရှိ TNLA ထိန်းချုပ်ဒေသများဖြစ်သည့် မိုးကုတ်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မိုင်းငေါ့ဒေသများကိုပါ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် နောင်ချို မြို့မဈေး၊ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဌာနဆိုင်ရာ အဆောက်အဦများကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဓာတ်ပုံ-စစ်ကောင်စီ