
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၁၆ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်း ထိုင်း – မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) နှင့် တော်လှန်ရေးပူးပေါင်းတပ် များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
KNLA တပ်မဟာ( ၄) နှင့် တပ်မဟာ( ၆) အထူးဗျူဟာ ၂ နှင့် ပူးပေါင်းတပ်များသည် နတ်အိမ်တောင် စခန်းသို့ အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီတပ်ကို ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီခန့်နှင့် ဇူလိုင် ၁၅ ရက်တို့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား လေးဦးကို အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်း နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။
” တိုက်ပွဲက ဇူလိုင် ၁၄ ရက် နဲ့ ၁၅ ရက် နှစ်ရက်ဖြစ်တာပါ။ တိုက်ပွဲဖြစ်တာက ခလရ – ၂၈၂ တပ်ရင်း အနီးမှိုသုံးပွင့် (အရပ်ခေါ်) အနားမှာဖြစ်တာပါ။ မှိုသုံးပွင့် နဲ့ ခလရ – ၂၈၂ တပ်ရင်း က ၅ မိုင်လောက်ပဲ ဝေးတာပါ။ အရှင်လေးဦးဖမ်းမိတယ်။ လက်နက်ခဲယမ်းတွေလည်း ရတယ်။ သေဆုံးတာ ကတော့ အတိအကျ ကျွန်တော်တို့မသိရသေးဘူး” ဟု KNU တပ်မဟာ (၄) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကဧရာဝတီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီ တပ်သားတစ်ဦးကို စွန့်ပစ်ထားခဲ့ပြီး ၎င်းကိုင်ဆောင်သောလက်နက်ကိုလည်း စစ်ကောင်စီတပ်မှ ပြန်လည်သိမ်းဆည်းသွား ကြောင်းသိရသည်။
“ကျွန်တော်တို့ ရဲဘော်တွေ အသက်ကို သူတို့ (စစ်ကောင်စီ) တပ်ကတန်ဖိုးမထားဘူး။ ကိုယ်တွေ့ပါပဲ။ တိုက်ပွဲမှာဒဏ်ရာရရင် ကိုယ့်ရဲဘော်ဆိုပီး ပြန်သယ်မယ်။ ဆေးကုသပေးမယ် လို့တော့ လုံးဝမမျှော်လင့် ပါနဲ့။ ကျွန်တော်လို စွန့်ပစ်ခံရမှာပဲ။ အခွင့်သာတာနဲ့ တော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူတွေဆီ ထွက်ပြေး အလင်းဝင်ကြတာအကောင်းဆုံးပါပဲ” ဟု ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်သားက ပြောကြားခဲ့ပြီး တပ်ရင်းအတွင်း ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အသိပေးလိုကြောင်း ဆိုသည်။
KNLA နှင့် ပူးပေါင်းတပ်များသည် ဒဏ်ရာရရှိလာသည့် စစ်ကောင်စီတပ်သားကို ဖမ်းဆီးရမိသည့် စစ်မြေပြင်မှနေ၍ ဆေးကုသနိုင်သောနေရာသို့ မိုင်ပေါင်းများစွာထမ်းယူခဲ့ရပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ကာ နိုငငံတကာ စစ်သုံ့ပန်ကျင့်ဝတ်များနှင့်အညီ စောင့်ရှောက် ထားကြောင်းသိရသည်။
အဆိုပါ နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦးအရှင်ဖမ်းဆီးရမိခဲ့ပြီးလက်နက်ငယ် ခုနစ် လက် ၊ RPG တစ် လက် ၊ ၆၀ မမ တစ် လက် နှင့် ခဲယမ်းများစွာသိမ်းပိုက်ရရှိခဲ့ကြောင်းသိရသည်။
နတ်အိမ်တောင်နယ်စပ်စခန်းသို့ စစ်ကြောင်းထိုးလာသော တပ်ရင်းများမှာ စစ်ကောင်စီကမ်းရိုးတန်း စစ်ဌာနချုပ်လက်အောက်ခံခလရ -၂၈၂၊ခလရ – ၂၇၃၊ခမရ- ၄၀၈၊ခမရ- ၄၀၉၊ ခမရ -၄၁၀ တပ်ရင်း တို့ဖြစ်ကြောင်းသိရသည်။
ဇူလိုင်လ ၁၁ ရက် နှင့် ၁၂ ရက်နေ့ ကလည်း နတ်အိမ်တောင် နယ်စပ်စခန်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များတိုက်ခိုက်ရာ စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်ကိုဟိန်း အပါဝင်စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး သေနတ် နှစ်လက် သိမ်းဆည်း ရမိခဲ့ကြောင်း KNU တပ်မဟာ (၄) ထံမှသိရသည်။
ဓာတ်ပုံ- KNU
ပုံစာ-နတ်အိမ်တောင် နယ်စပ်စခန်းသို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မှ အရှင်ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့်သိမ်းဆည်းရမိသော လက်နက် ခဲယမ်းများ။