
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်တွင် ရွေးကောက်ပွဲအတွက် စစ်ကောင်စီ၏ မြန်မာအီလက်ထရောနစ် မဲပေးစနစ် M.E.V.M စက်အသုံးပြုမှုသင်တန်းပေးနေကြောင်း သိရသည်။
အင်္ဂပူမြို့နယ်ရှိ Non CDM ဝန်ထမ်း အခြေခံပညာရေးမှ ဆရာ၊ ဆရာမများသည် ဇူလိုင် ၁၄ ရက်နေ့တွင် စတင်၍ သင်တန်းတက်ရောက်နေရပြီး မြို့နယ်ပညာရေးမှူးက ဆရာ၊ ဆရာမများအား မတက်မနေရ ဖိအားပေးခိုင်းစေမှုများပြုလုပ်နေကြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။
“ဆရာမတွေကို သင်တန်းတက်ခိုင်းပြီးတော့ ကျောင်းတွေမှာလည်း စစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေးဖို့ ညွှန်ကြားထားတယ်။ အဲဒီအဖွဲ့တွေကို အရက်၊ ဘီယာတိုက်ပြီး ဆိုင်ကယ်ဆီဖိုးပါပေးရပါတယ်”ဟု ပညာရေးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သင်တန်းသို့ သွားရောက်ခြင်းမရှိသည့် ဆရာ၊ ဆရာမများကို ခွင့်ပြုချက်မရှိဘဲ ပျက်ကွက်ပါက ထိရောက်စွာအရေးယူမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။
ထို့အပြင် ကွင်းကောက်ဒေသမှ စာသင်ကျောင်း ၅၄ ကျောင်းကို တစ်နေ့လျှင် တစ်ကျောင်းနှုန်း သွားရောက်စစ်ဆေးရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် M.E.V.M အလုံးရေ ငါးသောင်းခွဲနီးပါးထုတ်လုပ် အသုံးပြုသွားမည်ဖြစ်ပြီး မဲစာရွက်နှင့် မဲပေးခြင်းအစား အီလက်ထရောနစ်စနစ်ဖြင့် မဲပေးသည့်စနစ်ကို ပြောင်းလဲဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ- ဧရာဝတီတိုင်းအတွင်း MEVMစက်အသုံးပြုမှုသင်တန်း နည်းပြအဆင့် သင်တန်းပေးစဉ် (ပုံဟောင်း)