ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဇူလိုင် ၁၆ ရက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံရွာစံပြကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဗုံးသီးချ တိုက်ခိုက်ရာ တော်လှန်ရေးရဲဘော် တစ်ဦးကျဆုံးပြီး ဒေသခံတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။

ပုလောမြို့နယ် ၊ ရှပ်ပုံစံပြကျေးရွာ အနီးရောက်ရှိနေသော စစ်ကောင်စီတပ်သည် တော်လှန်ရေး တပ်ဖွဲ့ဝင်များ စစ်ကြောင်းထွက်လာချိန် ဇူလိုင် ၁၂ ရက် နေ့လယ် ၁ နာရီခန့်က ဒရုန်းဗုံးသီးချ တိုက်ခိုက်ခဲ့ရာ တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

” ဒရုန်း နဲ့ ဗုံးသီးလာချတယ် ။ အဲဒီ ဗုံးသီးက ရဲဘော်တွေနေတဲ့ နေရာကိုလာကျတာ။ ကျွန်တော်တို့ တပ်ဖွဲ့ထဲက ရဲဘော် တစ်ယောက် ခြေထောက်တစ်ဖက်ပြတ်သွားတယ်။ မျက်နှာက တစ်ခြမ်းမီးလောင် သွားတယ်။ ထိပြီးတာနဲ့ ချက်ချင်း ဆေးရုံကိုပို့တဲ့အချိန် ရရှိတဲ့ဒဏ်ရာကြောင့်လမ်းမှာပဲ ဆုံးသွားတယ်” ဟု မြိတ်အရိုင်အမှတ် (၁) တပ်ရင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ဒရုန်းဗုံးကြဲချမှုကြောင့် အသက် ၁၈ နှစ် အရွယ် ရဲဘော်ဘုန်းဘုန်း ကျဆုံးခဲ့ပြီး ၎င်း၏ ရုပ်အလောင်းကို ဇူလိုင် ၁၃ ရက်နေ့က သင်္ဂြိုဟ်ခဲ့ပြီဖြစ်ကြောင်း အဆိုပါတပ်ရင်းထံ မှသိရသည်။

ယင်းအပြင် အဆိုပါ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့ကလည်း ရှပ်ပုံစံပြကျေးရွာကို ဒရုန်းဗုံးသီးချ ထပ်မံတိုက်ခိုက်ရာ အသက် ၄၀ အရွယ်ဒေသခံအမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိသွား ကြောင်း ဒေသခံများထံမှ သိရသည်။

“အဲဒီ အမျိုးသားက အိမ်ပေါ်မှာပဲ နေနေတာ။ အိမ်ပေါ်မှာ နေရင်းနဲ့ထိတယ်။ ကျောကုန်းကို ဗုံးသီး အစ စင်တယ်။ အခုလက်ရှိမှာတော့ အဲဒီအမျိုးသားက ပုလောဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်” ဟု ရှပ်ပုံကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရှပ်ပုံစံပြ ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပုံသေတပ်စွဲ နေထိုင်ခြင်းမရှိဘဲ ကျေးရွာသို့ ရောက်ရှိလာပါက ဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်၍ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှသိရသည်။

ပုံစာ – ဒရုန်းထိမှန်ပြီးကျဆုံးသွားတဲ့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ ရဲဘော် ဘုန်းဘုန်း။