ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်

ဖားကန့်မြို့နယ်၊ မှော်မောင်းလျှံကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များခိုအောင်းနေသည့် ဘုန်းကြီး ကျောင်းကို လေကြောင်းမှ ဗုံးမှားကြဲချမိခဲ့ကြောင်း သိရသည်။

မှော်မောင်းလျှံကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခိုအောင်းနေသည့် ဘုန်းကြီးကျောင်းကို ယနေ့ ဇူလိုင် ၁၅ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးမှားကြဲချမိရာ တပ်ဖွဲ့ဝင်အများအပြား သေဆုံးကြောင်း ကချင်သတင်းရင်းမြစ်ထံမှ သိရသည်။

“လေယာဉ်က ဗုံးကြဲရုံတင်မဟုတ်ဘူး။ စက်သေနတ်နဲ့ပါပစ်သွားလို့ သူတို့တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံး မှုများပါတယ်”ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ဖားကန့်ရှိ စစ်ရေးအရ အရေးပါသည့် မော်မောင်းကုန်းနှင့် လမောင်ကုန်းတို့ကို စိုးမိုးမှုရယူလိုနေပြီး ပြီးခဲ့သည့် ဇွန်လကတည်းက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး နေခြင်းဖြစ်ကာ မှော်မောင်းလျှံ၊ မှော်ဝမ်းလေးနှင့် အမှိုက်ပုံ ကျေးရွာတို့တွင် တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်။

စစ်ကောင်စီသည် မြေပြင်ထိုးစစ်သာမက ဂျက်ဖိုက်တာများကိုပါသုံး၍ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီ၏တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့်ဇူလိုင် ၁၃ ရက် ညနေ ၅ နာရီက မော်မောင်းကုန်း စာသင်ကျောင်းကို ဗုံးထိမှန်ခဲ့သည်။

အဆိုပါနေရာတွင် စစ်တပ်ဗုံးလာကြဲချပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖားကန့်မြို့၏ အဓိကဝင်ပေါက်တစ်ခုဖြစ်သည့် အင်းတော်ကြီး-ဝှေခါလမ်းပိုင်းတွင်လည်း စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။