ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၆ ရက်

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေးအခြေအနေ၊ သမ္မတထရမ့် ပေးပို့သောစာကိစ္စ၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲ၊ တော်လှန်ရေး၏ပကတိအခြေအနေနှင့် ရှေ့အလားအလာများနှင့်ပတ်သတ်၍ ဧရာ၀တီဖက်ဒရယ်အင်အားစု – AFF ပြောရေးဆိုခွင့်ရှိသူ ဦးခက်အောင်ကို ဧရာ၀တီတိုင်းမ်သတင်းဌာနက ဆက်သွယ်မေးမြန်း ထားပါသည်။

မေး – အမေရိကန်သမ္မတထရမ့်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အခွန်းတိုးမယ်ဆိုတဲ့ စာပို့တဲ့အပေါ် ဘယ်လိုမြင်လဲ။ ဒီစာကြောင့် အမေရိကန်က သူတို့ကိုအဖက်လုပ်တယ်ဆိုပြီး စစ်ကောင်စီဘက်က ကြိတ်ပြီး ဝမ်းသာနေတယ်လို့ သုံးသပ်ကြတာရှိတယ်။ AFF အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ – ဒါကရှင်းပါတယ်။ သူနိုင်ငံအကျိုးစီးပွားအတွက် လုပ်တာလို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ တရုတ်ရင်းနှီးမြုတ်နှံမှုတွေ မြန်မာနိုင်ငံထဲမှာရှိတယ်။ မြန်မာနိုင်ငံမှာ တရုတ်စီးပွားရေးလုပ်ငန်းတွေ အများကြီးရှိတယ်။ အဲဒီလုပ်ငန်းတွေက ထုတ်ကုန်တွေအကုန်လုံး Made in Myanmar နဲ့ ထုတ်ပြီး နိုင်ငံတကာနဲ့အမေရိကပို့တယ်။ လက်ရှိက တရုတ်နဲ့ US က ကုန်သွယ်ရေးစစ်ဖြစ်နေတယ်။ တရုတ်ကို ထိန်းချုပ်ချင်တာဖြစ်တယ်။

အဲဒီတော့ တရုတ်နဲ့ ဆက်စပ်သူမှန်သမျှ နိုင်ငံတွေကို ကုန်သွယ်ခွန်တိုးမှာဘဲ။ သူဘာသူ အာဏာရှင်စနစ်ဘဲ အုပ်ချုပ်အုပ်ချုပ်၊ ဆိုရှယ်လစ်စနစ်နဲ့ပဲသွားသွား၊ ကွန်မြူနစ်ဖြစ်ဖြစ်၊ ဖက်ဒရယ်စနစ်နဲ့အုပ်ချုပ်ချုပ် တရုတ်နဲ့ဆက်စက်‌နေတယ်ဆိုရင် အခွန်တိုးမှာပဲ။ အဲဒါကြောင့် ဒီစာထွက်လာတာ။ အာဏာသိမ်းစစ်တပ်ကို ဉီးဆောင်နေတဲ့သူ မင်းအောင်လှိုင်ကလော့ US လို တကယ့်စူပါပါဝါနိုင်ငံခေါင်းဆောင်ဆီကနေ သူ့ကို ဘာဘဲလုပ်လုပ် အဲဒီလိုမျိုးစာလိုချင်တာ။ သူ့ကို့အရေးတယူ အသိအမှတ်ပြု တယ်ပြောဖို့၊ ဝါဒဖြန့်ဖို့အတွက် သက်သေရတာဖြစ်တယ်။ အဲဒါကို မင်းအောင်လှိုင်က ကြိတ်ပျော်နေမှာဖြစ်တယ်။

နောက်တခုက နိုင်ငံတကာရင်းနှီးမြှပ်နှံမှုတွေသည် မြန်မာနိုင်ငံရဲ့ ဘယ်အဖွဲ့အစည်းတွေမှာ ထည့်ဝင်ရင်းနှီး မြှုပ်နှံထားသလဲဆိုတာ သိဖို့လိုတယ်။ တရုတ်က မြန်မာနိုင်ငံမှာ ရင်းနှီးမြုတ်နှံထားတဲ့စီမံကိန်းတွေဆိုရင် ဥပမာ – အာဏာရှင်‌ဟောင်းဉီးသန်းရွှေလက်ထက်စီမံကိန်း ၂ ခု၊ ဉီးသိန်းစိန်လက်ထက်မှာ စီမံကိန်း ၇ ခု၊ သမ္မ တကြီး ဉီးထင်ကျော်နဲ့ ဉီးဝင်းမြင့်လက်ထက်မှာ ၃၃ ခု လက်မှတ်ထိုးခဲ့ကြတယ်။

တရုတ်က ဉီးပိုင်လုပ်ငန်းစုနဲ့ MEC လို့ခေါ်တဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းစုမှာ ဒေါ်လာ ၅ ဘီလီယံကျော် မြှုပ်နှံထားတယ်။ အဲလိုပဲ ဂျပန်ဆိုရင် သန်လျင်ရေနက်ဆိပ်ကမ်းစီမံကိန်း၊ သီလ၀ါအထူးစီးပွားရေးဇုန်၊ ရန်ကုန်-မန္တလေးမီးရထားလမ်းစီမံကိန်း၊ ရန်ကုန်မြို့တွင်း ရထားလမ်းစီမံကိန်း၊ ဟံသာဝတီလေဆိပ်စသဖြင့် ရင်းနှီးမြှုပ်နှံထားတယ်။ ပြီးတော့ ရန်ကုန်ကနေ ပဲခူးနဲ့မြဝတီကို ဖြတ်ပြီးတော့ ထိုင်း၊ ကမ္ဘောဒီးယားကိုဖြတ်ပြီး ဗီယက်နမ်အထိဖောက်ထားတဲ့ အရှေ့စက်ြံလမ်းကလည်း ဂျပန်ရဲ့ ရင်းနှီးမြုတ်နှံမှု ဖြစ်တယ်။

အဲဒီလိုပဲ အိန္ဒိယက ပလက်ဝကို အခြေခံပြီး ကုလားတန်စီမံကိန်းနဲ့ အခြား စီမံကိန်းတွေရှိတယ်။ ဗီယက်နမ်လည်း မြှုပ်နှံထားတယ်။ တခြားအာဆီယံနိုင်ငံတွေလည်း မြှုပ်နှံထားတာပဲ၊ အနည်းနဲ့ အများပဲ ကွာတာ။ အဲဒီမှာအ‌ရေးကြီးတာက US ကမြန်မာနိုင်ငံမှာ ဘယ်လောက်မြှုပ်နှံထားသလဲဆိုတာ သိဖို့လိုတယ်။ အဲဒီအခြေအနေတွေက မြန်မာနိုင်ငံနိုင်ငံရေးပြုပြင်ပြောင်းလဲ‌ရေးမှာ အဓိက သော့ချက် သုံးချက်ထဲက တစ်ချက်ဖြစ်တယ်။

မေး – အဲ့ဒါဆို မြန်မာပြည်ပြုပြင်ပြောင်းလဲရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် ပေါ်ပေါက်ရေး ကျန်တဲ့ အချက် ၂ ချက်က ဘာတွေလဲ သိပါရစေ။

ဖြေ – ဒုတိယအချက်က အဲဒီနိုင်ငံတွေက ကျွန်တော်တို့မြန်မာနိုင်ငံအပေါ်ထားတဲ့ သူတို့ရဲ့ မူဝါဒနဲ့ သဘောထားကို နားလည်ဖို့လိုတယ်။ တရုတ်အပါအဝင် US ကပါ မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်ခြင်း၊ အာဏာရှင် စနစ်ဖြစ်ခြင်း၊ ကွန်မြူနစ်စနစ်ဖြစ်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ခြင်း ဒါတွေကို စိတ်မဝင်စားဘူး။ ဒါတွေက သာဓကတွေရှိပြီးသားပါ။

ဉီးနေဝင်းအာဏာသိမ်းတယ်၊ တရုတ်ကိုဆန့်ကျင်ပြတယ်၊ US နဲ့ အဆင်ပြေတာပဲ။ သူတို့က မြန်မာနိုင်ငံကို ဘယ်လိုအသုံးချရမလဲဆိုတာကိုကြည့်တာဖြစ်တယ်။ စနစ်ကိုမကြည့်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ရည်ရွယ်ချက်နဲ့ အကျိုးစီးပွားကိုအခြေခံလို့ပဲ။ စစ်အာဏာရှင်ဖြစ်လဲ သူတို့ ဘယ်လောက်ထိန်းချုပ်နိုင်မလဲ၊ ဘယ်လောက်သြဇာလွှမ်းမိုးထားနိုင်လဲ၊ သြဇာခံဖြစ်မလဲဆိုတာကိုပဲကြည့်တာ။ တရုတ်တို့၊ ရုရှားတို့က အာဏာရှင်တွေဘာတွေမသိဘူး၊ ဗြောင်ကူတယ်။

US ကျတော့ အာဏာရှင်ကို စကားလုံးအသုံးအနှုန်းကို ရွေးချယ်သုံးပြီး အာဏာရှင်ကို သူတို့ ရည်ရွယ်ချက်နဲ့ အကျိုးစီးပွားအတွက်သုံးတာက ဒီစာကရှင်းနေတာပဲ။ ဒီကြားထဲ ဘယ်လောက်ချိတ်ဆက်ထားလဲဆိုတာ ကျွန်တော်တို့လဲမသိနိုင်ဘူး။ နံပါတ် ၃ အချက်ကတော့ ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီကိုသွားချင်တဲ့ သူတွေ၊ အင်အားစုတွေက စုဖွဲ့တည်ဆောက်ထားတာမရှိဘူး။ အဲဒါမရှိလို့ အခုလိုဖြစ်လာတာဖြစ်တယ်။ အာဏာရှင်က အာဏာရှင်ပုံစံအတိုင်းတည်ဆောက်ပြီး နိုင်ငံတကာကို ဘယ်လိုချဥ်းကပ်ဆောင်ရွက် ရမလဲဆိုတာကို လုပ်ဆောင်နေတာဖြစ်တယ်။ ကျွန်တော်တို့မှာ ခိုင်မာတိကျတဲ့ စုဖွဲ့တည်ဆောက်မှုမရှိဘူး။

မေး – အခုဆို တော်လှန်ရေးကလည်း ၄ နှစ်ကျော်လာပြီ။ အားလုံးက ဖက်ဒရည်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ချင်တယ်တော့ ပြောနေကြတယ်။ ဒါပေမယ့်အဲဒီရည်မှန်းချက်နဲ့ပတ်သတ်ပြီး အားလုံးကြားမှာ ခိုင်မာတဲ့စုဖွဲ့တည်ဆောက်မှု၊ သဘောတူညီမှုစာချုပ်လိုဟာမျိုး အခုထိ မရှိတာတွေ့ရတယ်။ အဲဒါ ဘာကြောင့်လဲ။ အဲ့ကိစ္စက ဘယ်လောက်အရေးကြီးလဲ။

ဖြေ – ကျွန်တော်တို့မှာ စုဖွဲ့ထားတာမရှိတော့ တယောက်တပေါက်လိုဖြစ်နေတယ်။ တယောက်တပေါက်နဲ့ စကားပြောဖို့ဆိုတာ ခက်တယ်။ အဲလို့ကွဲပြားနေတော့ ဟိုလူ့လိုက်တွေ့ ဒီလူလိုက်တွေ့ဖြစ်စေတယ်။ အဲလိုကွဲပြားနေတာကိုလည်း အိမ်နီးချင်းတရုတ်က ကြိုက်တယ်။ ကွဲပြားမနေရင်လည်း တရုတ်က ကွဲပြားမနေတဲ့ပုံစံနဲ့ ဆက်ဆံမှာဘဲ။ အဲဒီတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားချင်တဲ့ အုပ်စုတွေ ကွဲပြားမနေဘဲ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက် ဘယ်လောက်တစိတ်တဝမ်းထဲ ရှိသလဲဆိုတာ အရေးကြီးတယ်။

အဲဒါက ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားချင်တဲ့ NUG အစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ – EROs တွေ အပါအဝင် ကြီးကြီးသေးသေး အင်အားစုတွေအကုန်လုံး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားမယ်၊ ပူးပေါင်းဆောင်ရွက်မယ်လို့ ဘုံသဘောတူညီချက်တစ်ခုကို အားလုံးသဘောတူတယ်ဆိုရင် အဲဒီသဘောတူညီချက်စာကိုကိုင်ပြီး နိုင်ငံတကာကိုပြောလို့ရပြီ။ ကြီးကြီးသေးသေး အကုန်ပါဖို့လိုတယ်။

ဒါက အာဏာရရေးလုပ်နေတာ မဟုက်ဘူး တော်လှန်ရေးလုပ်နေတာဖြစ်တယ်။ ကျွန်တော်တို့အားလုံး အတွက် အာမခံချက်ရှိတဲ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးအတွက် တော်လှန်ရေးလုပ်နေတာဖြစ်တယ်။ အားလုံးနီးပါး တော်လှန်‌ရေးအင်အားစုတွေက ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားချင်တယ်လို့တော့ ပြောကြတယ်၊ အခုက အဲဒါကို သဘောတူထားတာ ဘာမှမရှိဘူး။ ဘာမှမရှိတော့ အာမခံချက်မရှိဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့တောင် တောင်တန်းနဲ့ပြည်မစာချုပ်ချုပ်နိုင်လို့ အဂ်လိပ်နဲ့ စကားပြောလို့ရတာ။ ကိုယ်လိုချင်တာရခဲ့တာ။

နိုင်ငံရေးအရ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အားလုံး သဘောတူတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ရရှိဖို့ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အဲဒီသဘောတူညီချက် ရှိပြီးဆိုရင် ကျွန်တော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်တွေ အာမခံချက်ရှိပြီ။ အဲဒီအာမခံချက်ရဖို့ NUG ရော၊ EROs (တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့) များရော၊ မြေပြန့်ဗမာ အင်အားစုတွေအားလုံးမှာ တာဝန်ရှိတယ်။

မေး – အဲဒီဘုံသဘောတူညီချက်ရဖို့ ဘယ်သူတွေက လုပ်သင့်လဲ။ NUG လား၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေလား။ သူတို့မလုပ်ခဲ့ရင် တခြားဘယ်သူတွေ လုပ်လို့ရနိုင်မလဲ။

ဖြေ – တော်လှန်ရေးအင်အားစု၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ဘယ်သူဖြစ်ဖြစ် စလုပ်ဖို့လို့တယ်။ ဆွေးနွေးဖို့ ချိတ်ဆက်ဖို့လိုတယ်။ ချိတ်ဆက်ချည်းကပ်ဆွေးနွေးတဲ့အခါ အကျိုးအမြတ်နဲ့ အခွင့်အလမ်းအတွက်ကို အခြေမခံဘဲ ဖက်ဒရယ်ဒီမိုကရေစီရဖို့အတွက် အင်အားကြီးတာသေးတာကို ဘေးဖယ်ပြီး တကယ်စစ်မှန်တဲ့ ရည်ရွယ်ချက်ကို အခြေခံပြီး ဆောင်ရွက်ဖို့လုပ်ဖို့လိုပါတယ်။

အဓိကကတော့ NUG က လုပ်သင့်တာ လုပ်ရမှာဖြစ်တယ်။ ကျွန်တော်တို့ မျှော်လင့်ခဲ့တယ်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူက ဉီးဆောင်လုပ်ရမှာ ဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီကို အာမခံရမှာဖြစ်တယ်။ တကယ်လို့ NUG က မလုပ်ဖြစ်ခဲ့ရင် EROs တွေက ဉီးဆောင်သင့်တယ်။ ဉီးဆောင်ဖို့ လိုတယ်။ NUG ရော EROs ဘက်ကရော မစဖြစ်ခဲ့ရင် မြေပြန့်ဗမာအင်အားစုတွေနဲ့ စုပေါင်းစသင့်တယ်။ စဖို့လိုပါတယ်။

မေး – အဲဒီလိုဘုံသဘောတူညီချက်ဖြစ်မလာဘူးဆိုရင် ဘာဖြစ်လာနိုင်လဲ။ တော်လှန်ရေးအပြီးသတ်နိုင်ဖို့ အချိန်တွေ အရမ်းကြာသွားနိုင်သလား။

ဖြေ – ရှေ့ကပြောခဲ့သလို နိုင်ငံရေးအရခိုင်မာတဲ့စုဖွဲ့မှုမရှိလို့ အခုလိုတော်လှန်ရေးအပြီးမသတ်နိုင်ဘဲ ဒစ်လည်နေတာဖြစ်တယ်။ အခုက အာဏာသိမ်းစစ်တပ်က ရွေးကောက် ပွဲလုပ်မယ်။ နိုင်ငံကြီးတွေက စစ်ကောင်စီကို ဘယ်သူလွတ်ပေး၊ တော်လှန်ရေးအင်အားစုတွေနဲ့တွေ့ဆုံစကားပြောပါ စတာတွေ ဖိအားပေးမယ်။ ဆန်ရှင် (စီးပွားရေးပိတ်ဆို့မှု) တွေချမှတ်မယ်။ လိုက်နာရင် ဖြေလျော့ပေးမယ်။ ဒီလိုဖြစ်သွားမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ US အပါအ၀င် ပြည်ပနိုင်ငံတွေအကုန်လုံး သူတို့ရည်ရွယ်ချက်နဲ့ သူတို့အကျိုးစီးပွားရှိနေလို့ဘဲ။

ရှေ့မှာလည်း ဖြစ်ခဲ့ပြီးပြီ။ စစ်တပ်က ၁၉၈၈ မှာ အာဏာသိမ်း၊ ၂၀၀၈ ခြေ/ဥနဲ့ ရွေးကောက်ပွဲလုပ်၊ နောက်တော့ NLD နဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီတွေ ရွေးကောက်ပွဲပြန်၀င်၊ ဆန်ရှင်တွေဖြေလျော့၊ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေပြန်လုပ်၊ ဒီလိုသာဓကတွေ ရှိပြီးသား၊ အခုလည်း အဲ့သမိုင်းကို တပတ်လည်၊ အသက်ပြန်သွင်းဖို့ စစ်ကောင်စီဘက်က အသည်းအသန်လုပ်နေပြီ။ ကိုယ့်လူတွေက အခုထက်ထိ အရမ်းအရေးကြီးတဲ့ နိုင်ငံရေးအရခိုင်မာတဲ့စုဖွဲ့မှု မလုပ်နိုင်သေးဘူး။

တော်လှန်ရေးအင်အားစုတွေ တော်တော်များများကတော့ အာဏာရှင်ကို မကြိုက်တာဖြစ်သည့်အတွက် တော်လှန်နေမှာဘဲ။ တနေ့နိုင်မယ်ဆိုတဲ့ ယုံကြည်မှုနဲ့ အားတင်းပြီးသွားနေကြတာ၊ ဘယ်နေ့တော်လှန်ရေး ပြီးမလဲ ဘယ်သူမှ မပြောနိုင်ဘူး။ အခုလို တယောက်တပေါက်နဲ့ဆိုရင် တော်လှန်ရေးအပြီးသတ်နိုင်ဖို့က မရေမရာ ဖြစ်နေဦးမယ်လို့ ကျွန်တော်ထင်တယ်။ ဒါက အပွင့်လင်းဆုံးပြောတာ။

တော်လှန်ရေးအင်အားစုတွေကြားထဲမှာ ဘုံသဘောတူညီချက်ရှိတယ်ဆိုရင် တော်လှန်ရေး ဘယ်အချိန် ပြီးမယ်ဆိုတာ ရက်အတိအကျမပြောနိုင်ရင်တောင် ဘယ်နှစ်အတွင်း အပြီးသတ်မယ်ဆိုတာမျိုး ရည်မှန်းချက်ပန်းတိုင်သတ်မှတ်လို့ ရနိုင်တယ်။ စစ်ခွေးနိဂုံး ၂၃ တို့၊ စစ်ခွေးတွေပြေး ၂၄ ဆိုတဲ့ ကဗျာလိုလို စာလိုလိုဟာကို ပြောတာမဟုတ်ပါဘူး။ တကယ်ဖြစ်နိုင်မယ့် ရည်မှန်းချက်ကိုပြောတာပါ။

အနှစ်ချုပ်ပြောရရင် နိုင်ငံရေးအရ ခိုင်မာတဲ့စုဖွဲ့မှုကိုသာ တည်ဆောက်နိုင်ရင် ကျွန်တော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နဲ့အတူ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစနစ်ကို တည်ဆောက်နိုင်မှာဖြစ်တယ်။