ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်ရေတပ်မှ စစ်ကောင်စီ၏ စစ်ရေယာဉ်သုံးစီးသည် တင့်ကားများတင်ဆောင်ပြီး ငဝန်မြစ်အတိုင်းတက်လာကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၁၄ ရက်နေ့က စစ်ကောင်စီ၏ စစ် ရေယာဉ်သုံးစီးမှာ ငဝန်မြစ်အတိုင်းတက်လာပြီး ငါးသိုင်းချောင်းနှင့် လေးမျက်နှာမြို့နယ်များအထိ ဝင်ရောက်လာနိုင်ကြောင်း သိရသည်။

“စစ်ရေယာဉ်တွေက ငါးသိုင်းချောင်းဆိပ်ကမ်းမှာ ကမ်းမကပ်ဘဲ လေးမျက်နှာတံတားအထိ ဆန်တက်သွားတယ်လို့ ခန့်မှန်းရပါတယ်”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ရေယာဉ်များပေါ်တွင် ကုန်းနှင့်ရေ နှစ်သွယ်သွားနိုင်သည့် တင့်ကားတချို့တင်ဆောင်လာကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့ကလည်း ငါးသိုင်းချောင်းမြို့နယ်ဘက်မှ‌နေ၍ လေးမျက်နှာဘက်သို့ စစ်သုံးကားကြီး နှစ်စီးအပြည့်ဖြင့် စစ်ကူဖြည့်ထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အလယ်ကျွန်းရွာ(သောင်ဘုတ်ရွာ)အနီး ဘုန်းတော်ကြီးကျောင်းတွင် စစ်ရှောင်များကိုနှင်ထုတ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ တပ်စွဲထားပြီး စစ်ကောင်စီသည် လေးမျက်နှာမြို့နယ်အပြင် အင်္ဂပူမြို့နယ် ကွင်းကောက်ဘက်ကိုလည်း စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့တွင် ဓနုဖြူမြို့နယ် ခလရ ၁၀၈ တွင် စုဆောင်းထားသည့် စစ်မှုထမ်းသစ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကားရှစ်စီးဖြင့် ကွင်းကောက်မြို့ဘက်သို့ ပို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် ငါးသိုင်းချောင်းအမြောက်တပ်မှနေ၍ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုနှင့် ချင်းလယ်ရွာများကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။