ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ စစ်သင်္ဘောလေးစင်းပါ စစ်ရေယာဉ်အုပ်စုသည် ချင်းတွင်းမြစ်အတိုင်း အထက်သို့ ဆန်တက်လာနေ ကြောင်း သိရသည်။

စစ်ရေယာဉ် ၃၇ စင်းသည် ယမန်နေ့ ဇူလိုင် ၁၄ ရက် နံနက် ၆ နာရီကတည်းက ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာခြင်းဖြစ်ကာ မြစ်ကမ်းဘေးကျေးရွာများကို ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် မှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“ဒီနေ့မနက်ပိုင်းမှာ စစ်ရေယာဉ်အုပ်စု ကနီနယ် မုဋ္ဌောရွာအနီးရောက်နေပြီးတော့ ဘေးနားကရွာတွေကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်နေပါတယ်”ဟု ဒေသတွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ရေယာဉ်အုပ်စု၏ ရှေ့ပွိုင့်အနေဖြင့် စက်သေနတ် တပ်ထားသည့် ဖလက်တွဲသင်္ဘောမောင်းနှင် လာပြီး ယင်းနောက်တွင် မြစ်အတွင်းသွားတိုက်ရေယာဉ်တွင် ၄၀ မမ ဘိုက်ဖာစက်အမြောက်နှစ်လက်၊ ၁၂.၇ မမ လေယာဉ်ပစ်စက်သေနတ် နှစ်လက်နှင့် ငါးကြင်းမြီး နှစ်လက်တို့ တပ်ဆင်လာကြောင်း သိရသည်။

ထို့အပြင် တွန်းသင်္ဘောအလွတ် လေးစီးပါဝင်ပြီး လေယာဉ်ဆီများ တင်ထားသည့်သင်္ဘောများပါ မောင်းနှင်လာကြောင်း သိရသည်။

အဆိုပါစစ်သင်္ဘောအုပ်စုမှာ ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့က မန္တလေးမြို့ ‌အမရပူရမြို့နယ်မှ ရွှေကြက်ယက်ဆိပ်ကမ်းမှနေ၍ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်အုပ်စုဖြစ်ပြီး မုံရွာမြို့ချင်းတွင်းမြစ် အလုံမင်းဒေါင့်ဆိပ်ကမ်းတွင် ကမ်းကပ်၍ ရိက္ခာများချပြီး ဆက်လက် ဆန်တက် လာခြင်းဖြစ်သည်။

ယင်းစစ်ရေယာဉ်တန်းသည် မြစ်ကမ်းတစ်လျှောက် ကျေးရွာများကို လေယာဉ်၊ စက်တပ်လေထီး များဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေ၍ မြစ်ကမ်းတစ်လျှောက်ရှိ ဆားလင်းကြီး၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်စသည့်မြို့ နယ်များရှိ ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်းသိရသည်။

ဓာတ်ပုံ- ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစု