ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ တိုင်းဦးစီးချုပ် အပါအဝင် အရာရှိ လေးဦးကို အကျင့်ပျက်လာဘ်စားမှုများနှင့်ပတ်သက်ပြီး ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။

ယမန်နှစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက အကျင့်ပျက်လာဘ်စားမှုနှင့် ဖမ်းဆီးပြီး စစ်ခုံရုံးတင် စစ်ဆေးခံနေရသည့် ဗိုလ်မှူးချုပ်ကျော်စိုးလွင်၊ ဗိုလ်မှူးကြီးအောင်ဆန်းလွင်၊ ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်း၊ ဒုတိယဗိုလ်မှူးကြီး မျိုးဇော်အောင်အပါအဝင် အရာရှိ ၁၀ ဦးကျော်ကို ဖမ်းဆီး စစ်ဆေးနေရာမှ စစ်အရာရှိလေးဦးကို အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်သတင်းရင်း မြစ်ထံမှ သိရသည်။

“အခု‌အမိန့်ချတာ လေးယောက်။ အမိန့်ချဖို့ ကျန်သေးတယ်” ဟု တပ်သတင်းရင်းမြစ် က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်း ဇူလိုင် ၁၃ ရက်နေ့က စစ်အရာရှိ လေးဦးကို စစ်ဆေးပြီးနောက် စစ်ခုံရုံးမှနေ၍ ဗိုလ်မှူးချုပ် ကျော်စိုးလွင်ကို ထောင်ဒဏ် ၁၀ နှစ်၊ ဗိုလ်မှူးကြီးအောင်ဆန်းလွင်ကို ထောင်ဒဏ် နှစ် ၂၀၊ ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်းကို သေဒဏ်နှင့် ဒုတိယဗိုလ်မှူး ကြီးမျိုးဇော်အောင်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက အကျင့်ပျက်ခြစားမှုဖြင့် စစ်အရာရှိ ၁၀ ဦးထက်မနည်းကို ၂၀၂၄ စက်တင်ဘာတွင် စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ် (စရဖ)မှနေ၍ ဝင်ရောက်ဖမ်းဆီးစစ်ဆေးခဲ့ပြီး စစ်အရာရှိများ၏ အိမ်ခြံမြေ၊ လယ်ယာ၊ ကုမ္ပဏီနှင့် KTV စားသောက် ဆိုင်များအပါအဝင် ဘဏ်စာအုပ်များကိုပါ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါစစ်အရာရှိများမှာ ဧရာဝတီတိုင်း၊ ရေနံ့သာစစ် ဆေးရေးဂိတ်မှ ဖြတ်ကျော်ဝင်ရောက်လာသည့် စက်သုံးဆီ၊ အခြေခံစားသောက်ကုန်၊ ဆေးဝါးပစ္စည်းများကို လာဘ်ငွေများစွာယူ၍ ရခိုင်ပြည်နယ် အတွင်းသို့ သယ်ယူဖြတ်သန်းခွင့် ပြုခဲ့သောကြောင့်ဟုဆိုကာ စစ်ဆေးအရေးယူခဲ့ခြင်းဖြစ်သည်။

ပုံစာ-ရေနံ့သာစစ်ဆေးရေးဂိတ်(ပုံဟောင်း)