
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်
ရုရှားနိုင်ငံက မြန်မာနှင့် အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းနှစ်ခုကိုချိတ်ဆက်ပြီး ကုန်သွယ်မှုလမ်းကြောင်းသစ် တိုးချဲ့မည်ဖြစ်ကြောင်းသိရသည်။
နေပြည်တော်တွင် ယမန်နေ့ ဇူလိုင် ၁၄ ရက်က စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ရုရှားနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး Alexander Sergeevich Shatirov တို့တွေ့ဆုံရာတွင် ထိုသို့ ဆွေးနွေးခြင်းဖြစ်သည်။
ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ချိတ်ဆက်၍ ကုန်သွယ်မှု လမ်းကြောင်းသစ်တိုးချဲ့ရေးဆွေးနွေးသည့်အပြင် ရော့စ်ကွန်ဂရက် ရင်နှီးမြှုပ်နှံမှုရံပုံငွေ အဖွဲ့က စစ်ကောင်စီနှင့် ပူးပေါင်း၍ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက် ရေးတို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့ပြင် အရည်အသွေးကောင်းမွန်သော သဘာဝမြေဩဇာများ တင်သွင်းရေး၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှုများ မြှင့်တင်ဆောင်ရွက်ရေး၊ ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေး နည်းပညာများ မျှဝေရေးအကြောင်းများပါဝင်ကြောင်းသိရသည်။
ယမန်နှစ် မြန်မာ – ရုရှားကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ ၂၈၈ သန်းရှိပြီး လာမည့်နှစ်အတွင်း ကန်တစ်ဘီလီယံခန့် အထိ ကုန်သွယ်မှု မြင့်တင်လာပြီဖြစ်ကြောင်း ရုရှား – မြန်မာကုန်သွယ်မှု သတင်းစာလွှာတွင်ဖော်ပြထားသည်။
ရုရှားနိုင်ငံပို့ကုန်များတွင် ဓာတ်မြေဩဇာ၊ နေကြာဆီ၊ ဓာတုပစ္စည်းများနှင့်အခြားပစ္စည်းများပါဝင်ပြီး မြန်မာပို့ကုန်များတွင် အမျိုးသား၊ အမျိုးသမီး အဝတ်အထည်နှင့် ခြေအိတ်တို့ပါဝင်ကြောင်းသိရသည်။
စစ်ကောင်စီသည် ထားဝယ်အထူးစီးပွားရေးဇုန်ကို ရုရှားနိုင်ငံနှင့်ဆောင်ရွက်ရန် သဘောတူညီထားကာ ရုရှားပညာရှင်များထံမှ နျူကလီးယားထုတ်လုပ်ရေးနှင့်ပတ်သက်ပြီး နည်းပညာရရယူရန် ကြိုးစား နေကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ၊ လူမှုကွန်ရက်