ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပင်လယ်ပြင်ငါးဖမ်းကျားဖောင်ပေါ်တွင် ရိုက်နှက်နှိပ်စက်ခံခဲ့ရသည့် ကျားဖောင်လုပ်သား ကိုဇော်ကြီး(ခ)ကိုခင်ဇော် ဆိုသူကို ပရဟိတလုပ်ဆောင်နေသူများက သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

ကိုဇော်ကြီးကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်နေသည့် ရုပ်သံဖိုင်တစ်ခုသည့် လူမှုကွန်ရက်တွင် ပျံ့နှံ့ လာပြီးနောက် ပရဟိတလုပ်ဆောင်နေသူများက သွားရောက်ကူညီရန် ရှာဖွေခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မှ ပရဟိတလုပ်ဆောင်နေသူများသည် အွန်လိုင်းပေါ်တွင်ပျံ့နှံ့လာသည့် နှိပ်စက်ခံရသူ ကိုဇော်ကြီး၏ ရုပ်သံဖိုင်ကိုတွေ့ရှိပြီးနောက် ဝိုင်းဝန်းရှာဖွေပြီး ကူညီရန်လုပ် ဆောင်ခဲ့ပြီး ကိုဇော်ကြီး နေထိုင်ရာ နေရာသို့ သွားရောက် ကူညီခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကိုဇော်ကြီးကို ရိုက်နှက်နှိပ်စက်ခဲ့သူ အမျိုးသားမှာ ကျားဖောင်ဦးစီး ကိုစိုးပိုင် ဆိုသူဖြစ်ကြောင်း သိရသည်။

နှိပ်စက်ခံရသည့် ကိုဇော်ကြီးမှာ နှိပ်စက်ခံရသည့်ဒဏ်ရာများကြောင့် သွားများမရှိတော့ဘဲ လက်လည်း ကျိုးကာ ဦးခေါင်းများ ပေါက်ပြဲခဲ့ကြောင်း သိရသည်။

ကျားဖောင်ပိုင်ရှင် ကိုထွန်းနိုင်က ကိုဇော်ကြီးကို ကျန်းမာရေးအခြေအနေ ဆိုးရွားနေ၍ အလုပ် လာအပ်သည့် ပွဲစားထံသို့ ပြန်အပ်နှံခဲ့ရာ ပွဲစားမှလက်မခံသည့်အတွက် ပြီးခဲ့သည့် ဧပြီတွင် ကိုဇော်ကြီး ၏နေရပ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျားဖောင်လုပ်ငန်းကို မုတ်သုံရာသီကုန်ဆုံး၍ ပင်လယ်ပြင် ငြိမ်သက်သည့်အချိန်တွင် လုပ်ကိုင်ကြပြီး နိုဝင်ဘာမှ ဧပြီလအထိသည် ကျားဖောင်လုပ်ငန်းများ လုပ်ကိုင်သည့် ရာသီဖြစ်ကြောင်း သိရသည်။

ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းဖြစ်သည့် ကျားဖောင်လုပ်ငန်းကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအတွင်းရှိ ကမ်းနီးကမ်းဝေး ပင်လယ်ပြင်တွင် အများဆုံး လုပ်ကိုင် ကြကာ ရေလုပ်သားများကို ကျားဖောင်ဦးစီးက လူမဆန်စွာနှိပ်စက် ခိုင်းစေမှုများရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းရှိ ကျားဖောင်လုပ်ငန်းများတွင်လည်း လူကုန်ကူး ဖမ်းဆီးပြီး ကျားဖောင်လုပ်ငန်းများတွင် အတင်းအကျပ် ခိုင်းစေခံရသူများလည်း ရှိနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ-ko ba chit