ဧရာဝတီတိုင်းမ်
(မော်ချီး)၊ ဇူလိုင် ၁၅ ရက်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ စစ်ကောင်စီက ယမန်နေ့ ဇူလိုင် ၁၄ ရက်နေ့နှင့် ယနေ့ ဇူလိုင် ၁၅ ရက်နေ့ နှစ်ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိသည်။

စစ်ကောင်စီသည် မော်ချီးဒေသတစ်နေရာကို ယမန်နေ့ နေ့လယ် ၂ နာရီဝန်းကျင်က ဗုံး နှစ်နှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၅ ဦး နှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့နံနက်အစောပိုင်း နံနက် တစ်နာရီခန့်တွင်လည်း စစ်ကောင်စီက မော်ချီး၊ လေးထပ်ကွေ့သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“လေးထပ်ကွေ့လို့ပြောလို့ရတယ်။ မော်ချီးလေးထပ်ကွေ့မှာ ကြဲသွားတယ် အိမ်တစ်လုံးပျက်စီးတယ်။ နောက်ပြီးတော့မှ နောက်တစ်လုံးကအနည်းအပါးထိခိုက်တယ် ငါးဦးအနည်းအကျဉ်းထိခိုက်တာရှိပါတယ်။ ဒီလထဲမှာ သုံးကြိမ် ဒီနှစ်ထဲ ခုထိတော့ ရှစ်ကြိမ်ရှိသွားပြီဗျ” ဟု လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ကရင်နီပြည်ကြားလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မော်ချီးဒေသကို ယခု ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း ရှစ်ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား ၂၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၄၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

လက်ရှိတွင် မော်ချီး၌ စစ်ဘေးရှောင်တိမ်းမှုများမရှိသေးသော်လည်း ဒေသခံများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများအပေါ် စိုးရိမ်နေကြကြောင်း သိရပြီး စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ မှစတင်ကာ မော်ချီးဒေသသို့ ပစ်မှတ်ထား ဗုံးကြဲမှုများလုပ်ဆောင်လာခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မော်ချီးဒေသတွင် ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့ကလည်း လိုလော်ထီးကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သား ငါးဦးသေဆုံးခဲ့ပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း IEC ထံက သိရသည်။

ဓာတ်ပုံ – ပေးပို့