
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က ယနေ့ ဇူလိုင် ၁၄ ရက်မှ ၂၀ ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနိုင်ပြီး မြန်မာနိုင်ငံဒေသအများစုတွင် မိုးကြီးနိုင်ကြောင်း သိရသည်။
#ဘင်္ဂလားပင်လယ်အော် အခြေအနေ
တစ်ပတ်တာ မိုးလေဝသ အလေးပေးတင်ပြချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့တွင် အနောက်တောင်မုတ်သုံလေသည် အားကောင်းရာမှ အားအလွန်ကောင်းနိုင်ကြောင်း ခန့်မှန်းထားသည်။
#မိုးရွာသွန်းမှု အခြေအနေ
မြန်မာတစ်နိုင်ငံလုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အထူးသဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်ဟု MOHADM က ဖော်ပြထားသည်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
နေ့အလိုက် ခန့်မှန်းချက်များအရ ဇူလိုင် ၁၄ ရက်တွင် ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်းကောင်း၊ ဇူလိုင် ၁၆ ရက်တွင် ရန်ကုန်၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်းကောင်း နေရာကွက်၍ မိုးကြီးနိုင်သည်ဟု MOHADM က သတိပေးထားသည်။
ထို့အတူ ဇူလိုင် ၁၇ ရက်တွင် စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်တို့တွင်လည်းကောင်း၊ ဇူလိုင် ၁၈ ရက်တွင် တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်းကောင်း၊ ဇူလိုင် ၁၉ ရက်တွင် စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်းကောင်း၊ ဇူလိုင် ၂၀ ရက်တွင် တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်းကောင်း နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ခန့်မှန်းထားသည်။
#ပင်လယ်ပြင်အခြေအနေ
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်သည်ဟု သိရသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် အနောက်-အနောက်တောင်ဘက်မှ တစ်နာရီ မိုင် (၃၀) မှ (၃၅) မိုင်ခန့်အထိ တိုက်ခတ်နိုင်သည်ဟု MOHADM က သတိပေးထားသည်။
#ဘေးအန္တရာယ်သတိပေးချက်
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြုကြရန် NUG၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက အသိပေးတင်ပြထားသည်။