
ဧရာဝတီတိုင်းမ်
(ပဲခူး)၊ ဇူလိုင် ၁၄ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ်များတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့များက ကျေးရွာများကိုမီးရှို့ခြင်းများပြုလုပ်နေကြောင်းသိရသည်။
လက်ပံတန်းမြို့နယ်တွင် ယမန်နေ့ ဇူလိုင် ၁၃ ရက်နေ့၊ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က စီတုန်းရွာနှင့် မအူတန်းရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်မီးရှို့မှုများပြုလုပ်သွားခြင်းဖြစ်သည်။
အလားတူစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းလှမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့က ဖားလေးကွင်းကျေးရွာသို့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
“လက်ပံတန်းကမီးရှို့ခံရတဲ့ရွာတွေက မင်းလှအပိုင်နားကရွာတွေလို့ ပြောလို့ရတယ်။ လက်ရှိမင်းလှမှာ တိုက်ပွဲတွေဖြစ်နေတယ် ဆက်တိုက်ပဲ။ ရှေ့ရက်တွေကရော ဒီနေ့ရောဖြစ်တယ်” ဟုမင်းလှအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ပံတန်းမြို့နယ်အတွင်းရှိ မီးရှို့ခံရသည့်ကျေးရွာများမှ အမျိုးသမီးများအပါအဝင် ဒေသ ခံများကိုလည်း လူသားဒိုင်းအနေဖြင့် ဖမ်းဆီးထားခြင်းများရှိကြောင်းလည်း သိရသည်။
ထို့ပြင် စစ်ကောင်စီသည် လက်ပံတန်းမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲဖမ်းဆီးခြင်းများပြုလုပ်နေခြင်းကြောင့် အမျိုးသမီး ငါး ဦး နှင့် အမျိုးသား ၅၅ ဦးဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် သာယာဝတီခရိုင်အတွင်း ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း တပ်စွဲခြင်းများပြုလုပ်နေပြီး လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – မီးရှို့ခံရသည့် စီတုန်းရွာနှင့် မအူတန်းရွာ