
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( (Shanghai Cooperation Organization- SCO) တွင် ဆွေးနွေးဘက်နိုင်ငံအဖြစ်တက်ရောက်ခွင့်ရသည့် မြန်မာနိုင်ငံက ရှန်ဟိုင်းအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဒစ်ဂျစ်တယ်စီးပွားရေးမြှင့်တင်မည်ဖြစ်ကြောင်း စစ်ကောင်စီဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။
တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ဇူလိုင် ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပသော ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၏ ဒုတိယအကြိမ်မြောက် ဒစ်ဂျစ်တယ်စီးပွားရေးဖိုရမ်တွင်း ၎င်းက ပြောကြား ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ရှန်ဟိုင်း SCO အဖွဲ့ဝင်အားလုံးနှင့်အတူ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကာ ယုံကြည်စိတ်ချရပြီး ကြံ့ခိုင်မှုပြည့်ဝသော ဒစ်ဂျစ်တယ် အနာဂတ်ကို တည်ဆောက်ရာတွင် ပူးပေါင်းကြရန်လိုကြောင်း စစ်ကောင်စီဒုဝန်ကြီးချုပ် မြထွန်းဦးက ဆိုသည်။
ဒစ်ဂျစ်တယ်နည်းပညာများသည် နိုင်ငံနယ်နိမိတ်များကို လိုက်နာခြင်းမရှိသည့်အတွက် စိန်ခေါ်မှုများကို ဖြေရှင်းသည့်အခါ နိုင်ငံတကာပူးပေါင်းမှု လိုအပ်ပြီး SCO အဖွဲ့ဝင်နိုင်ငံများအတွင်း အရင်းအမြစ်များကို မျှဝေပူးပေါင်းဆောင်ရွက်လိုကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံသည် ဆွေးနွေးရေးမိတ်ဖက် (dialogue partner) အဆင့်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ရရှိပြီး SCO လှုပ်ရှားမှုများနှင့် အစည်းအဝေးအချို့တွင် ပါဝင်လာခြင်းဖြစ်သည်။
အဆိုပါ ရှန်ဟိုင်း SCO အဖွဲ့ဝင်နိုင်ငံများတွင် အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ပါကစ္စတန်၊ ကာဇက်စတန်၊ ကီဂစ်စတန်၊ တာဂျစ်စတန်၊ ဥဇဘက်ကစ္စတန်နှင့် ဘယ်လားရုစ်တို့ပါဝင်ပြီး ၂၀၀၁ ခုနှစ်၊ ဇွန်လတွင် ရှန်ဟိုင်းမြို့၌ တည်ထောင်ခဲ့သည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) သည် အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနှင့် အစွန်း ရောက်ဝါဒ တိုက်ဖျက်ရန်အတွက် ဒေသတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့အစည်း (RATS) ကိုလည်း ဖွဲ့စည်းထားကာ ထောက်လှမ်းရေး အချက်အလက် ဖလှယ်ခြင်း၊ ပူးတွဲ စစ်ရေး လေ့ကျင့်ခြင်းများလည်း ပြုလုပ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့ဝင်နိုင်ငံများသည် ဥရောပအာရှဒေသတစ်ခုလုံး၏ ၆၀ ရာခိုင်နှုန်း၊ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်း နှင့် ကမ္ဘာ့ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
ဓာတ်ပုံ – MOI, လူမှုကွန်ရက်