ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ နတ်ရေကန် ပင်မဗျူဟာကုန်း သို့ စစ်ကူပို့မည့် စစ်ယာဉ်တန်း များသည် ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

နတ်ရေကန်စခန်းမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့သည် ကစဉ့်ကလျား ထွက်ပြေးခဲ့ကြပြီး ဟောင်ဝစ်ဇာ အမြောက်များနှင့် စစ်ဘက်သုံးစက်ပစ္စည်းများကိုပါ သယ်ယူသွားခဲ့ကြသည်။ ထို့နောက် အာရက္ခ တပ်တော် (AA) က စခန်းအနီးတစ်ဝိုက်ကို ချဉ်းကပ် သိမ်းပိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“စစ်ရေယာဉ်တန်းတွေက နတ်ရေကန်ကို မတက်နိုင်ရင် ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၄) ကို အဓိက ကာကွယ်ဖို့ ဖြစ်နိုင်တယ်။ နတ်ရေကန်ကတော့ ဘယ်လိုမှ လှုပ်မရတဲ့ အနေအထားနဲ့ ပိတ်ဆို့ ထားပြီးသွားပါပြီ။ ဗျူဟာကုန်းထဲမှာ ခုခံနေတဲ့အဖွဲ့တွေ ကျန်နေသေးတယ်လို့လည်း သိရပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့က နတ်ရေကန်စခန်း သိမ်းဆည်းခံရပြီဟု သတင်းများ ထွက်ပေါ်ပြီးနောက် စစ်ကော်မရှင်သည် မကွေးဘက်မှနေ၍ အရပ်သုံးယာဉ်များပါ ပါဝင်သည့် အင်အားအပြည့် စစ်ယာဉ်တန်းများကို အမြောက်စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ် မစခ-၉၀၅ အတွင်းသို့ ပို့ဆောင်ခဲ့သည်။

ယင်းစစ်ယာဉ်တန်းများအနက် အင်အားအပြည့်ပါသော စစ်သုံးကားကြီး ၁၁ စီးသည် လက်ရှိတွင် ပျဉ်းဝစစ်ဆေးရေးဂိတ်အထိ ရောက်ရှိ ရပ်နားနေပြီဖြစ်ကြောင်း သိရသည်။

နတ်ရေကန်ဗျူဟာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးသွားပြီး လေကြောင်းမှလည်း နတ်ရေကန် ဗျူဟာကုန်းနှင့် အနီးတစ်ဝိုက်ကို ပြန်လည်ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် စစ်သတင်းရင်းမြစ်များက နတ်ရေကန်စခန်းကို အလုံးစုံသိမ်းပိုက်နိုင်သည်ဟု သုံးသပ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်၏ နတ်ရေကန်ဗျူဟာတစ်ခုလုံး အလုံးစုံပိတ်ဆို့ ထိန်းချုပ်ခံလိုက်ရပြီးနောက် ဆက်သွယ် ရေးလမ်းကြောင်းများပါ ပြတ်တောက်သွားပြီးနောက် ပျဉ်းဝစစ်ဆေးရေးဂိတ်အထိ စစ်ကော်မရှင်တပ် အရာရှိပိုင်းများပါ ရောက်ရှိလာပြီး ညွှန်ကြားမှုပေးနေကြောင်း သိရသည်။

အမြောက်စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ် အမှတ်(၉၀၅) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၅) မှူး သို့မဟုတ် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၇) မှူး တစ်ဦးဦး ပျဉ်းဝစစ်ဆေးရေး ဂိတ်သို့ ဆင်းလာပြီဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က အတည်ပြုပြောဆိုထားသည်။

နတ်ရေကန် ပင်မဗျူဟာကုန်းကြီးတွင် တပ်မမှူးဗိုလ်မှူးချုပ်နှစ်ဦး၊ ကပစစက်ရုံမှူး ဗိုလ်ကြီးတစ်ဦးတို့ စီမံထိန်းချုပ်နေပြီး စစ်ကော်မရှင်က ပိတ်ဆို့ခံထားရသည့် ဗျူဟာကုန်းကို လေကြောင်းမှနေ၍ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပေးပို့နေရသည်။

AA တပ်ဖွဲ့များမှာ နတ်ရေကန်ပတ်ဝန်းကျင်ရှိ ကာကင်းစခန်းများအားလုံးကို သိမ်းလိုက်သည့်အပြင် ဗျူဟာကုန်းကြီးတစ်ခုလုံးကိုပါ ထိန်းချုပ်ထားသည့် အတွက် စစ်ကော်မရှင်လေကြောင်းမှပေးပို့သည့် လက်နက်ခဲယမ်းထုပ် အများစုကို AA က သိမ်းယူသွားကြောင်း သိရသည်။

မြေပုံ- Nai Zinyaw