ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇူလိုင် ၁၃ ရက်)

“ဦးဦးဆရာဝန်ရေ၊ မီးမီးစားမယ့် ပြောင်းဖူးပြုတ်မှာ ယင်ကောင်ကြီး လာနားနေတယ်။ ရွံတယ်။ မီးမီး မစားချင်တော့ဘူး”

တူမလေးရဲ့ စကားသံအဆုံးမှာ ကျွန်တော် ပြုံးလိုက်မိပါတယ်။

“ဟုတ်ပါရဲ့ မီးမီးလေးရယ်။ ယင်နားစာ စားမိရင် နေမကောင်းဖြစ်တတ်တယ်။ မစားနဲ့တော့နော်” လို့သာ ကျွန်တော် ပြန်ဖြေလိုက်ပါတယ်။

ယင်ကောင် (Housefly) ဆိုတာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ အမြဲလိုလို တွေ့မြင်ရပြီး ပူနွေးစိုစွတ်တဲ့ မိုးဦးကျချိန်မှာ ပိုပြီးပေါက်ဖွားကြပါတယ်။ ယင်ကောင်တွေရှိနေလျှင် စိတ်အနှောင့်အယှက်ဖြစ်ရုံ သာမက ထင်ထားတာထက် ပိုမိုဆိုးရွားတဲ့ ကျန်းမာရေးအန္တရာယ်တွေ ဖြစ်နိုင်ပါတယ်။ ယင်ကောင်ရဲ့ ဘဝစက်ဝန်းကို နားလည်ပြီး ကူးစက်ရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ထားရမယ် မဟုတ်ပါလား ခင်ဗျာ။

#ယင်ကောင်ရဲ့ဘဝစက်ဝန်း (The Life Cycle of a Housefly)

ယင်ကောင်တစ်ကောင်ရဲ့ ဘဝသက်တမ်းက အလွန်တိုသော်လည်း မျိုးပွားနိုင်စွမ်း အလွန်များပါတယ်။ ညစ်ပတ်တဲ့ နေရာများမှာ ယင်ကောင်တွေရဲ့ ဘဝစက်ဝန်းက ဆက်တိုက်လည်ပတ်နေပါတယ်။ ယင်ကောင်တစ်ကောင် ဖြစ်ဖို့အတွက် ယင်ကောင်ဥ – လောက်ကောင် – ယင်ပိုးတုံးလုံး – အရွယ်ရောက် ယင်ကောင် ဆိုပြီး အဆင့်ဆင့် အသွင်ပြောင်းလဲလျက် (metamorphosis) ကြီးထွားဖွံ့ဖြိုးရပါတယ်။

#ယင်ကောင်ဥ (Eggs)

ယင်မတစ်ကောင်သည် တစ်ခါဥချလျှင် ဥပေါင်း ၇၅ မှ ၁၅၀ ခန့်အထိ ထုတ်ပေးနိုင်ပါတယ်။ အစားအစာ၊ အမှိုက်ပုံ၊ အိမ်သာမိလ္လာ၊ တိရစ္ဆာန်မစင်၊ ပုပ်သိုးအစားအစာများနှင့် စိုထိုင်းတဲ့ နေရာတွေမှာ ဥချ ကြပါတယ်။ ပူနွေးတဲ့အပူချိန်မှာ ယင်ကောင်ဥတွေက ၁၂ နာရီမှ ၂၄ နာရီအတွင်း လောက်လေး တွေအဖြစ် ပြောင်းလဲသွားကြပါတယ်။

#လောက်ကောင် (Larva / Maggot)

ယင်ဥမှ ပေါက်လာတဲ့ လောက်ကောင်လေးများက ပေါက်ဖွားရာမှာရှိတဲ့ ညစ်ပတ်ပါတယ်ဆိုတဲ့ အရာ များကို အစာအဖြစ် စားသုံးကာ ၄ ရက်မှ ၁၀ ရက်အတွင်း အရေခွံများ အကြိမ်ကြိမ်လဲပြီး လောက်ကောင်ကြီးများ ဖြစ်လာပါတယ်။

#ယင်ပိုးတုံးလုံး (Pupa)

ကြီးထွားပြီး လောက်ကောင်ကြီးများသည် ခြောက်သွေ့ပြီး အရိပ်ရသောနေရာသို့ ရွေ့ပြောင်းကာ အမှောင်ခိုလျက် ယင်ပိုးတုံးလုံးအဖြစ် အသွင်ပြောင်းလိုက်ပါတယ်။ ၃ ရက်မှ ၆ ရက်အတွင်း အတောင်ပံတွေ ခြေထောက်တွေ ဖွံ့ဖြိုးပေါ်ပေါက်လာပါတော့တယ်။

#အရွယ်ရောက်ယင်ကောင် (Adult Fly)

ယင်ပိုးတုံးလုံးအဆင့် ပြီးဆုံးသောအခါ ကိုယ်၊ လက်၊ ခြေ၊ အတောင်ပံ စုံလင်သော ယင်ကောင်ကြီးအဖြစ် ပြောင်းလဲပါတော့တယ်။ ယင်ကောင်ကြီးများဖြစ်ပြီး ရက်အနည်းငယ် အတွင်းမှာပင် မျိုးပွားပါတော့တယ်။ ယင်ကောင်တစ်ကောင်ရဲ့ သက်တမ်းက ၁၅ ရက်မှ ၃၀ ရက်ခန့်သာ ဖြစ်သော်လည်း ကာလတိုအတွင်းမှာ မျိုးဆက်ပေါင်းများစွာကို ပွားများပေးနိုင်ပါတယ်။

#ယင်ကောင်များမှ ရောဂါပျံ့ပွားခြင်း

ယင်ကောင်ဆိုတာ ညစ်ပတ်တဲ့နေရာဒေသမှာ ဘဝစက်ဝန်းတစ်ခုလုံး နေထိုင်ရှင်သန်ရတာကြောင့် ရောဂါပိုးမွှားများ ခိုအောင်းပြီး ရောဂါတွေ ပျံ့နှံ့စေတဲ့ ‘အမှိုက်ကားတစ်စီး’ လို ဖြစ်နေပါတယ်။

ယင်ကောင်တွေဟာ အမှိုက်ပုံ၊ မစင်ပုံများ စတဲ့ နေရာတွေမှာ နားတတ်ကြပါတယ်။ အဲ့ဒီလိုနားတဲ့အခါ ယင်ကောင်ရဲ့ ခြေထောက်နဲ့ ကိုယ်ပေါ်မှာရှိတဲ့ အမွှေးအမျှင်လေးတွေမှာ ရောဂါပိုးများဖြစ်ကြတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုး နှင့် ကပ်ပါးကောင်များ သန်းနှင့်ချီပြီး ကပ်တွယ်ကြပါတယ်။

ကျွန်တော်တို့ စားသောက်မယ့် အစားအစာတွေပေါ်မှာ ယင်ကောင်လာနားတဲ့အခါ ရောဂါပိုးများကို အစားအစာပေါ် တိုက်ရိုက် ပစ်ချသလို ဖြစ်သွားပြီး ရောဂါများ ဖြစ်ပွားရပါတယ်။

ယင်ကောင်၏ အစာချေရည်-တံတွေးတွေကြောင့်လည်း ရောဂါပျံ့ပွားရပါတယ်။ အစိုင်အခဲအစာ များဖြစ်တဲ့ အစာအဖတ်ကို ယင်ကောင်က တိုက်ရိုက်မစားနိုင်ပါဘူး။ ဒါကြောင့် အစာပေါ်ကို အစာ ချေရည်-တံတွေးများကို အရင်စွန့်ထုတ်ပြီး အရည်ပျော်သွားမှ ပြန်လည်စုပ်ယူကြပါတယ်။ ယင်ကောင်ရဲ့ အစာချေရည်-တံတွေးတွေထဲမှာ၊ ယင်ကောင်ရဲ့အစာအိမ်မှာ ခိုအောင်းနေတဲ့ ရောဂါပိုးမွှားတွေ ပါနေတာကြောင့် ယင်နားစာ ဖြစ်သွားရင် ညစ်ပတ်သွားပြီလို့ ယူဆနိုင်ပါတယ်။

ယင်ကောင်တွေဟာ သူတို့နားတဲ့ နေရာတိုင်းမှာလည်း မစင်စွန့်လေ့ရှိတာမို့ မစင်များမှလည်း ရောဂါပိုး များ ပျံ့ပွားနိုင်ပါတယ်။

#ယင်ကောင်မှ လူကိုကူးစက်သောရောဂါများ

ဝမ်းပျက်ဝမ်းလျှောရောဂါ (Diarrhea)၊ ကာလဝမ်းရောဂါ (Cholera)၊ တိုက်ဖွိုက်အူရောင် ငန်းဖျားရောဂါ (Typhoid Fever)၊ ဝမ်းကိုက်ရောဂါ (Dysentery)၊ အစားအသောက် အဆိပ်သင့်ခြင်း (Food Poisoning)၊ မျက်ခမ်းစပ်ရောဂါ (Trachoma)၊ အရေပြားကူးစက်ရောဂါများ (Skin infections) စတဲ့ ရောဂါများသည် ယင်ကောင်မှ လူကိုကူးစက်နိုင်သော အဓိကရောဂါများ ဖြစ်ပါတယ်။

#ယင်ကာကွယ်နှိမ်နင်းရေး နည်းလမ်းများ

ယင်ကောင်များကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်း ကတော့ ယင်ကောင်ရဲ့ ဘဝစက်ဝန်းကို ထိန်းချုပ်ပြီး ယင်ကောင်ပျံ့နှံ့ပေါက်ဖွားမှုကို လျှော့ချပစ်ခြင်းပဲ ဖြစ်ပါတယ်။

#ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေးထားပါ:

အမှိုက်များကို အဖုံးလုံသော အမှိုက်ပုံးထဲတွင် စွန့်ပစ်ပါ။ အမှိုက်များကို နေ့စဉ်ပုံမှန် စွန့်ပစ်ပါ။ မီးဖိုချောင်နှင့် အစားအစာချက်ပြုတ်သည့် နေရာများကို အမြဲသန့်ရှင်းနေအောင်ထားပါ။ တိရစ္ဆာန်တွေ မွေးမြူထားတယ်ဆိုရင် တိရစ္ဆာန်လေးတွေရဲ့ မစင်များကို စနစ်တကျ ရှင်းလင်းပါ။ ရေဆိုးရေညစ်များ မဝပ်စေရန် စနစ်တကျ ရေစီးရေလာ ကောင်းမွန်အောင် ပြုလုပ်ပါ။

#အစားအစာများကိုစနစ်တကျသိမ်းဆည်းကိုင်တွယ်ပါ

ချက်ပြုတ်ပြီးအစားအစာများကို ယင်မနားစေရန် အုပ်ဆောင်းဖြင့် ဖုံးအုပ်ပါ။ အစားမစားမီနှင့် အစားအစာများ မကိုင်တွယ်မီ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးပါ။ အစိမ်းလိုက်စားရသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို စားသုံးခြင်းမပြုမီ ရေစင်အောင် ဆေးကြောပါ။

မစင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါများကို ကာကွယ်နှိမ်နင်းနိုင်ဖို့ လူတိုင်း၊ အိမ်တိုင်း၊ မြို့ရွာတိုင်း ယင်လုံအိမ်သာကို ဆောက်လုပ်အသုံးပြုကြဖို့ လိုအပ်ပါတယ်။

#အိမ်တွင်းသို့ ယင်မဝင်ရောက်နိုင်အောင်တားဆီးပါ

ပြတင်းပေါက်များနှင့် တံခါးများတွင် ခြင်နိုင်လွန်ဇကာများ တပ်ဆင်ပါ။ မလိုအပ်ဘဲ တံခါးများကို ဖွင့်မထားပါနှင့်။ ယင်နှိမ်နင်းရေးနည်းလမ်းများဖြစ်တဲ့ ယင်ကောင်ဖမ်းစက်၊ ယင်ကပ်စေးချပ်များနှင့် ယင်ရိုက်တံ စတဲ့အရာတွေ အသုံးပြုရှင်းလင်းခြင်းဖြင့် ယင်ကောင်ကို နှိမ်နင်းနိုင်ပါတယ်။

ယင်ကောင်ဟာ စိတ်အနှောင့်အယှက်ပေးရုံ သက်သက်မဟုတ်ဘဲ ကျွန်တော်တို့အားလုံးရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ ရောဂါသယ်ဆောင်သူ ဖြစ်ကြောင်းကိုလည်း လက်ခံနားလည် သဘောပေါက်ထားရပါမယ်။ ရိုးရှင်းပြီး ထိရောက်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးနည်းလမ်းများဖြင့် ယင်ကောင်များ ပေါက်ပွားမှုကို ထိန်းချုပ်နိုင်ပြီး ယင်ကောင်ကြောင့် ကူးစက်ရောဂါများ ပျံ့နှံခြင်းကို ကာကွယ်နိုင်ကြဖို့ အကြံဉာဏ်ပေးပါရစေ။

ကလေးသူငယ်များကိုလည်း ယင်ကောင်အကြောင်းရှင်းလင်းပြောပြပြီး ကောင်းမွန်စွာ လက်ဆေး တတ်ဖို့၊ ယင်နားစာ မစားကြဖို့၊ အမှိုက်များ စနစ်တကျစွန့်ပစ်ဖို့ ပညာပေးပြီး နောင်လာမယ့် အနာဂတ်ကို အကောင်းဆုံးပုံဖော်ကြရမှာပဲ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းမ်ပရိသတ်များလည်း ယခုလို မိုးဦးကျအချိန်မှာ ယင်ကောင်မှ ကူးစက်တဲ့ရောဂါတွေ ကင်းရှင်းပြီး ကျန်းမာကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ နောက်တစ်ပတ်မှာတော့ “ခါးနာခြင်းဝေဒနာ” ဆောင်းပါးဖြင့် ကျန်းမာရေးအသိပညာများ ဖြန့်ဝေမှာဖြစ်တာကြောင့် စောင့်မျှော်ကြပါဦးခင်ဗျာ။