ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်

မကွေးတိုင်း၊ ပဒါန်းတပ်နယ်၊ ကန်တုတ်စစ်ဆေးရေးဂိတ်မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၁၂ ရက် ကန်တုတ်စစ်ဆေးရေးဂိတ်မှ အင်အား ၈၀ ဝန်းကျင်ဖြင့် ပုသိမ်-မုံရွာလမ်းအတိုင်း တောင်ဘက် ရွှေချောင်းရှမ်းတက်ဘက်သို့ ထွက်လာစဉ် မြို့သစ်လမ်းပေါက် ဈေးကြီးဘက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းက ကပစက ထုတ်နုတ်လာတဲ့တပ်တွေဆိုတော့ မိုင်းခွဲဟန့်တားတုန်းရှိသေးတယ် ပစ်ထောက်လိမ့်မှောက်တောင် မလုပ်ရသေးဘဲ တစ်ခါထဲ တန်းမှောက်ပြီး ဖုန်းနဲ့စစ်ကူပေးဖို့ အော်တော့တာပဲ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်များသည် မင်းဘူး-အမ်း လမ်းပိုင်း တမာစန်းတစ်ဝိုက် ၂၇ မိုင်၊ ၂၈ မိုင်
ဝန်းကျင်တွင် မော်တော်ယာဉ် လေးစီးဖြင့် တပ်ဖျောက်ပြီး ကင်းပုန်းဝပ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ နတ်ရေကန် စခန်းအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့၍ ဘုံဘောမှ လက်နက်ကြီးများဖြင့် ‌နတ်ရေကန်စခန်းဘက်သို့ ပစ်ကူတိုက်ခိုက်ခဲ့ပြီး ယမန်နေ့ ဇူလိုင် ၁၂ ရက်နေ့ ၁၀ နာရီဝန်းကျင်
ခန့်မှစ၍ အတွဲလိုက်ဒုံးများဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်း ဇူလိုင် ၈ ရက်နေ့ကလည်း မစခ ၉၀၅ အတွင်းမှ စစ်သုံးကားကြီး ငါးစီးဖြင့် အင်အား ၁၀၀ ခန့်ကို ကျောက်ဆုံရွာသို့ စစ်ကူပေးပို့ခဲ့သည်။

ကျောက်ဆုံရွာတွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။