(မြန်မာရွေးကောက်ပွဲက ဉီးစားပေးမဟုတ်တာကို အာဆီယံအဖွဲ့ သဘောတူဟု ဆို)

ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့က ဉီးစားပေးမဟုတ်တာကို အာဆီယံအဖွဲ့က သဘောတူ ခဲ့ပြီး ထိုအစား ငြိမ်းချမ်းရေး ကတိကဝတ်တွေကို လိုက်နာဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ဇူလိုင်လ ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ အရပ်သားအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ စစ်ကောင်စီက သဘောတူခဲ့တဲ့ တူညီဆန္ဒငါးရပ်ကို မြန်မာနိုင်ငံက လေးစားသမှုရှိ ဖို့ အာဆီယံအဖွဲ့က လိုလားတယ်လို့ ၎င်းက ဆိုပါတယ်။

“ရွေးကောက်ပွဲတစ်ရပ် ကျင်းပတာဟာ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ရဲ့ တစ်စိတ်တစ် ပိုင်း မဟုတ်ပါဘူး” လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သူက သတင်းထောက်တွေ ကို ပြောပါတယ်။

“လက်ရှိမှာ ရွေးကောက်ပွဲကျင်းပဖို့ ဉီးစားပေးရမယ့်အရာ မဟုတ်ဖူး။ ဉီးစားပေးရမယ့်အရာက အကြမ်းဖက်မှုအားလုံး ရပ်ဆိုင်းဖို့ဖြစ်ပါတယ်။ ဒါမှသာ အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးနိုင်မှာဖြစ် တယ်လို့ ကျွန်တော်တို့ မြန်မာစစ်ကောင်စီကို အကြံပြုခဲ့ပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

ငြိမ်းချမ်းရေး ကတိကဝတ်တွေကို ဖော်ဆောင်ဖို့ ပျက်ကွက်တာကြောင့် အာဆီယံအဖွဲ့က ၂၀၂၂ ခုနှစ်နောက်ပိုင်း မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို အရေးပါတဲ့ အစည်းအဝေးတွေ တက်ရောက်ခွင့်ပိတ်ပင် ခဲ့လို့ ဒေသတွင်းအစည်းအဝေးတွေမှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက မြန်မာနိုင်ငံကို ကိုယ်စားပြုပါတယ်။

အဖွဲ့အစည်းအားလုံး မပါဝင်ဘဲ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမှာကို အာဆီယံအဖွဲ့က လက်သင့်ခံမှာမဟုတ်ဖူးလို့ မိုဟာမက်ဟတ်ဆန်က ဆက်ပြောပါတယ်။

“ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပစရာ အကြောင်းမရှိပါဘူး။ အဲဒီရွေးကောက်ပွဲကလည်း ဘယ်ပြဿနာတွေကိုမှ ပြေလည်စေမှာ မဟုတ်တဲ့အပြင် အခြေအနေတွေကို ပိုဆိုးစေပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – Reuters
Ref; ASEAN agrees Myanmar election is not a priority, Malaysia says