ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်

မြန်မာနိုင်ငံက သွင်းကုန်ပစ္စည်းများအပေါ် အခွန် ၄၀ ရာခိုင်နှုန်းတိုးကောက်မည့် အမေရိကန် ကြေညာချက်နှင့် ပတ်သက်ပြီး မြန်မာ – အမေရိကန်ကုန်သည်ကြီးများ အသင်းရှိသဖြင့် စစ်ကောင်စီက အမေရိကန် နိုင်ငံသို့ ကုန်သွယ်မှုညှိနှိုင်းရေးအဖွဲ့အစည်းစေလွှတ်နိုင်ကြောင်းသိရသည်။

အဆိုပါအခွန်ညှိနှိုင်းရေးအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်၍ သက်ဆိုင်သူများနှင့် တွေ့ဆုံညှိနှိုင်းလိုကြောင်း ဇူလိုင် ၉ ရက် နေ့တွင် အမေရိကန်နိုင်ငံထံ ပြန်စာပို့ခဲ့သည်။

” အခွန်တိုးကောက်တဲ့အတွက် အထည်ချုပ်က သိသိသာသာထိခိုက်နိုင်တယ်။ အရင်ကတည်းက အခွန် ၂၀ ရာခိုင်နှုန်းပေးရတာရှိတယ်။ အခု ၄၀ ရာခိုင်နှုန်း တိုးကောက်တော့ အထည်ချုပ်အတွက် အခွန် ၂၀ ရာခိုင်နှုန်းတိုးကောက်သလိုဖြစ်သွားတယ်။ အမေရိကန်မဟုတ်ဘဲ အခြားဈေးကွက်ရှာနိုင်ရင်တော့ မထိနိုင်ဘူး။ ဈေးကွက်အသစ်မရှာနိုင်ရန်ထိနိုင်တယ်” ဟု နိုင်ငံရေး၊စီးပွားရေးသုတေသနပညာရှင် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မြန်မာ – အမေရိကန်ကုန်သွယ်မှုမျှတရေးအတွက် မြန်မာပို့ကုန်များအပေါ်အခွန် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြားနှင့် အမေရိကန်နိုင်ငံမှ သွင်းကုန်များအတွက် သုညရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းကြား ထိန်းညှိကောက်ခံသွားရန်အဆိုပြုကြောင်း စစ်ခေါင်းဆောင်၏ ပြန်စာတွင်ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံပေါ်အရေးယူပိတ်ဆို့ထားချက်များက မည်သူမျှအကျိုးမရှိသဖြင့် နှစ်နိုင်ငံပြည်သူ များ၏ အကျိုးစီးပွားအတွက် ပိတ်ဆို့မှုများ ဖြေလျော့ရုပ်သိမ်းပေးရန် မေတ္တာရပ်ခံကြောင်းပါဝင်သည်။

မြန်မာဘက်ပို့ကုန်များတွင် အဝတ်အထည်၊ သားရေ၊ ပင်လယ်စာနှင့် ပရိဘောဂများထဲမှ အဝတ် အထည်တင်ပို့မှု အများဆုံးဖြစ်ပြီး အမေရိကန်နိုင်ငံမှ စက်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းအနည်းအကျဉ်းပါဝင်တင်ပို့ကြောင်းသိရသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန်၏ နိုင်ငံရေးနည်းလမ်းတစ်ခုဖြစ်သည့် အခွန်တိုးမြှင့်ကောက်ခံရေး အစီအစဉ်တွင် မြန်မာ နိုင်ငံပါဝင်လာပြီးနောက် နိုင်ငံရေးကစားကွက်တစ်ခုခုဖော်ဆောင်နိုင်ကြောင်း နိုင်ငံရေး၊ စီးပွားရေးသုတေသနပညာရှင်က ဧရာ၀တီတိုင်းမ်ကို သုံးသပ်ပြောကြားသည်။

“ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က trade tarriff ကုန်သွယ်ရေးအခွန်ကောက်တာကို political tools နိုင်ငံရေးနည်းဗျူဟာတစ်ခုအနေနဲ့သုံးနေတာ။ စစ်ကောင်စီဘက်က သူလိုချင်တဲ့ အနေအထား တစ်ခုကို လိုက်လျောပေးလိုက်ရင် သူ့ဘက်က ပြန်ဖြေလျော့ပေးနိုင်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနှင့် အမေရိကန်နိုင်ငံ ကုန်သွယ်မှုပမာဏတွင် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍနှစ်တွင် အမေရိကန်ဒေါ်လာ ၇၀၁ ဒသမ ၉ သန်းနှင့် ၂၀၂၄ – ၂၀၂၅ ဘဏ္ဍနှစ်တွင် ၅၈၈ သန်း ဒသမ ၃ သန်းကျော်ရှိကြောင်း စစ်ကောင်စီဖော်ပြထားသည်။

အမေရိကန်နိုင်ငံသည် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဂျပန်၊ တောင်ကိုရီးယား အပါအဝင် ၁၄ နိုင်ငံတို့မှ ပို့ကုန်များအခွန်တိုးမြှင့်ကောက်ခံရန်ကြေညာထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တက်လာပြီးနောက် တရုတ်၊ မက္ကစီကို၊ ပနားမား၊ ယူကရိန်း၊ အီးယူ၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့မှသွင်းကုန်များကို အခွန်တိုးကောက်ရန်ပြောကြားခြင်း၊ ဖြေလျော့ပေးခြင်းတို့ လုပ်ဆောင်မှုများရှိကြောင်း သိရသည်။