ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်

ဖားကန့်မြို့၊ ဆွတ်ဘွမ်ရွာတိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများထားရာ နေအိမ်ပေါ်ကို လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိကြောင်း သိရသည်။

စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့သည် ယနေ့ ဇူလိုင် ၁၁ ရက် နေ့လယ် ၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ချင်းဘုရားကျောင်းအနီးမှာဖြစ်တဲ့ တိုက်ပွဲအတွင်းမှာ ဒဏ်ရာရတဲ့လူတွေလည်းများတယ်။ ၁၀ ယောက် လောက်ကိုတော့ ကားနဲ့တင်ပြီး ပြန်ခေါ်သွားရတယ်။ ရွာထဲမှာ တပ်စွဲထားတဲ့ အိမ်ကို လက်နက် ကြီးကျပြီး ဆင့်ကဲပေါက်ကွဲမှုတွေ ဖြစ်သွားလို့သိရတယ်။ အဲဒီမှာ စစ်သားတွေ ထပ်သေတယ် ပြောတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆွတ်ဘွမ်ကျေးရွာမှ ဖားကန့်ဘက်အဆင်းတွင်ရှိသည့် ချင်းဘုရားကျောင်းတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးခန့်သေဆုံးပြီး ကျန်နေသည့်သူများမှာ ချင်းဘုရားကျောင်းဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ဖားကန့်-ကာမိုင်းလမ်းသို့ ဖြတ်ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် မေ ၂၇ ရက်နေ့မှ စတင်ကာ ဖားကန့်မြို့နယ်ရှိ ကျေးရွာများတွင် တပ်စွဲပြီး ဗျူဟာကုန်းတစ်ဝိုက် စိုးမိုးမှုရနိုင်ရန် ဆက်တိုက် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)