ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် ဘောလုံးပြိုင်ပွဲ ကျင်းပရာ ယတြာချေသည့်အနေဖြင့် ဧရာဝတီတိုင်း အသင်းနှင့် ရခိုင် ပြည်နယ်အသင်းတို့ကို ယှဉ်ပြိုင်ခိုင်းထားကြောင်း သိရသည်။

ပုသိမ်မြို့နယ်၊ ကိုးသိန်းကွင်းတွင် အသက် ၁၈ နှစ် အောက် ဘောလုံးပြိုင်ပွဲကျင်းပကာ ယနေ့ ဇူလိုင် ၁၁ ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ကို ယှဉ်ပြိုင်ခိုင်းထားကြောင်း သိရသည်။

ထိုသို့ပြိုင်ပွဲကျင်းပရာတွင် ယတြာချေသည့်အနေဖြင့် ရခိုင်ပြည်နယ်အသင်းမှ ဧရာဝတီတိုင်းအသင်းကို ပြန်လည်ချေပဂိုးမသွင်းခိုင်းထားဘဲ အရှုံးခံရမည်ဟုပြောဆိုထားပြီး လက်ရှိတွင် ဧရာဝတီတိုင်းအသင်းမှ ရခိုင်အသင်းကို ၅ ဂိုး၊ ဂိုးမရှိနှင့် နိုင်နေသည်ဟု ‌ဒေသခံများက ဆိုသည်။

အရက္ခတပ်တော် AA သည် ရခိုင်ပြည်နယ်ရှိ ဂွမြို့နယ်ကို သိမ်းပိုက်ပြီးနောက် ဧရာဝတီ တိုင်းအတွင်း ထိပါ စစ်ရေးဖော်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ဘယ်ပြားကုန်း၊ စာစီကုန်း အပါအဝင် ကျေးရွာအချို့ရှိ စစ်ကောင်စီစခန်းများကို AA ကသိမ်းပိုက်ထားသည်။

ထို့အပြင် ရေကြည်၊ အင်္ဂပူ၊‌ လေးမျက်နှာမြို့နယ်တို့တွင် စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်တို့ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။

ယင်းသို့တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် စစ်ကောင်စီက AA ကို အနိုင်ရသည်ဟုဆိုကာ ယတြာချေ သည့်အနေဖြင့် ဧရာဝတီအသင်းနှင့် ရခိုင်အသင်းတို့ကို ဘောလုံးကန်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။