
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်များကို အသိအမှတ်ပြုပေးရန် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်သည်။
ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ၏ (၅၉) ကြိမ်မြောက်အစည်းအဝေးအတွင်း စစ်ကောင်စီ ကိုယ်စားလှယ်ပါဝင်ခြင်းမရှိဘဲ ဆုံးဖြတ်ချက်များကို တစ်ဖက်သတ်ဆွေးနွေး အတည်ပြုခဲ့၍ စစ်ကောင်စီက ၎င်းတို့ကိုအသိအမှတ်ပြုရန် တောင်းဆိုသည့် စာကို ဇူလိုင် ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်လာသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့်ငလျင်အပြီး ပြန်လည်ထူထောင်ရေးနှင့် လုံခြုံရေးငြိမ်းချမ်းရေး တို့ကို ဖော်ဆောင်နေချိန်တွင် ကုလသမဂ္ဂအနေဖြင့် စစ်ကောင်စီကို အရေးမစိုက်ဘဲ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာနှင့် အပြန်အလှန်ဆွေးနွေးမှုများကို ဆုံးဖြတ်ခဲ့သည့်အတွက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
လွတ်လပ်၍တရားမျှတပွင့်လင်းသော ရွေးကောက်ပွဲကို ဆောင်ရွက်ရန် ကတိကဝတ်ထားရှိထားပြီး လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင်ပါဝင်ရန် ဥပဒေဘောင်အတွင်းဝင်ရောက်ကြရန် ကမ်းလှမ်းထားကြောင်း စစ်ကောင်စီကဆိုသည်။
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အပြုသဘောလုပ်ငန်းစဉ်များကို အသိ အမှတ်ပြုခြင်းမရှိသည်မှာ အထူးစိတ်ပျက်ဖွယ်ရာဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ကုလသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါ၊ ငြိမ်း ချမ်းရေး၊ လုံခြုံရေး စသည့်ကိစ္စများကို ဦးစားပေးဖြေရှင်းရမည့်အစား နိုင်ငံတစ်နိုင်ငံအပေါ် ပစ်မှတ်ထား ဆောင်ရွက်နေမှုများသည် အဖွဲ့ဝင်နိုင်ငံများ၏ ယုံကြည်မှုကို လျော့ကျစေမည်ဟုလည်း စစ်ကောင်စီက ဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဆောင်ရွက်နေမှုများကို အသိအမှတ် ပြု၍ ပူးပေါင်းပါဝင်ရန် စစ်ကောင်စီက ထည့်သွင်းတိုက်တွန်းထားသည်။
ပုံစာ- ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ၏ (၅၉) ကြိမ်မြောက်အစည်းအဝေး။