
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်
စစ်ကိုင်းတိုင်း၊ မင်းကွန်းဘက်ခြမ်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက မန္တလေးအခြေစိုက် တပ်ရင်းများမှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင် ၁၀ ရက် ညနေ ၅ နာရီခန့်မှစတင်ကာ ည ၁၁ နာရီ ဝန်းကျင်အချိန်ထိ စစ်ကိုင်းဘက် ခြမ်းတွင် လက်နက်ကြီးပစ်ခတ်သံများ ဆူညံနေခဲ့ပြီး မန္တလေးမြို့ခံများကပါ ပစ်ခတ်သံများကိုပါ ကြားရသည်ဟု ဆိုသည်။
“မန္တလေးတောင်ကနေ မင်းကွန်းဘက်ကို လက်နက် ကြီးနဲ့လှမ်းပစ်တာ ညနေဘက်ကစပြီး သုံးချက် လှမ်းပစ်တာ အသံအကျယ်ကြီးကြားရတယ်။ လမ်းသွား လမ်းလာတွေပါ အကုန်တိတ်သွားပြီး ငြိမ်နေကြရတယ်” ဟု မန္တလေးမြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကိုင်းမြို့နယ် မန္တလေး-ရွှေဘိုလမ်း၊ အုန်းတောအထွက်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကိုင်းမြို့အနီးရှိ ဝါးချက်ရွာဘက်တွင်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွား နေသည့်အတွက် စစ်ကောင်စီသည် မန္တလေးမြို့မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။
မန္တလေးတောင်ခြေအနီးနီးတစ်ဝိုက်ရှိ စစ်လက်နက် ပစ္စည်းတပ်ရင်း ပင်မ၊ ခလရ ၉၅၊ တပ်မ ၁၀၁၊ ယန္တရားတပ် စသည့်တပ်ရင်းများမှနေ၍ မင်းကွန်းဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး စီးနင်းထားသည့် ကင်းရွာနှင့် ချောင်းမ ကြီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ပြန်လည်စိုးမိုး ထိန်းချုပ်ထားကြောင်း ရတနာပုံတပ်ဦးက ထုတ်ပြန်ထားသည်။