ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်

ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ထိန်းချုပ်ရာ ကချင်ပြည်နယ်၊ ပန်ဝါဒေသရှိ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းအများစုပိတ်ထားရပြီး ရှမ်းပြည်နယ်ရှိ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်နယ်မြေတွင် မြေရှားသတ္တုတူးဖော်မှုများနေ ကြောင်းသိရသည်။

လက်ရှိပန်ဝါဒေသတွင် KIA နှင့် အလုပ်တွဲမလုပ်လိုသည့် မြေရှားတူးဖော်ရေး တရုတ်ကုမ္ပဏီများရှိနေပြီး အဆိုပါအကြောင်းအရာများကြောင့် သတ္တုတွင်းပိတ်ထားမှုများကြောင်း၊ မြေရှားသတ္တုတူးဖော်ရာတွင် လိုအပ်သည့် မြေဩဇာကို ပိတ်ပင်ထားမှုများရှိကြောင်း မြေရှားသတ္တုတူးဖော်နေသူများထံမှ သိရသည်။

“ ပန်ဝါမှာလည်းတူးတယ်။ လောလောဆယ်က ပိတ်ထားတာများတယ်။ ပိတ်တာများနေတာက KIA နဲ့ တရုတ်က မလုပ်ချင်တဲ့ပုံစံမျိုးနဲ့။ မြေဩဇာတွေကို KIA က အဝင်မခံတာလား။ တရုတ်ကပေးမသွင်း တာလားမသိဘူး။ လုပ်တဲ့ဆိုက်တွေတော့လုပ်နေကြတယ်။ ဒါပေမဲ့ မလုပ်တဲ့ဆိုက်တွေများတယ်။ အခု ပန်ဝါမှာလုပ်ဖူးတဲ့သူတွေအကုန် ဝ ပြည်ထဲရောက်နေပြီ ” ဟု မြေရှားသတ္တုတူးဖော်နေသူ အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် တရုတ်ကျောထောက်ခံပြုထားသည့် UWSA ထိန်းချုပ်ရာ မိုင်းပေါက်၊ မိုင်းလား၊ ကျင်ခမ်းတို့ရှိ မြေရှားသတ္တုတူးတွင်းများတွင် ပန်ဝါမှသတ္တုတွင်းအလုပ်သမားများ (ရေကြည့်နှင့် အထွေ ထွေအလုပ်သမားများ) အလုပ်လုပ်ကိုင်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် မိုးရာသီကာလဖြစ်၍ ပန်ဝါဒေသရှိ သက်တမ်းရင့် သတ္တုတူးတွင်းများသည် တောင်ပြိုမှုများကို ဖြစ်စေကြောင်း၊ မိုးရာသီအကုန်သီတင်းကျွတ်ကာလတွင် ပန်ဝါမြေရှားသတ္တုတွင်းလုပ်ကွက်များ ပြန်လည် စတင်နိုင်ကြောင်းက မြေရှားသတ္တုတူးဖော်နေသူများက ဆိုသည်။

ကမ္ဘာ့မြေရှားသတ္တု ပြုပြင်ထုတ်လုပ်ရေးတွင် လက်ဝါးကြီးအုပ်ထားသော တရုတ်နိုင်ငံသည် KIA ထိန်းချုပ်ရာ ဒေသမှထွက်ရှိသည့် မြေရှားသတ္တုများကို ဝယ်ယူမှုရပ်ဆိုင်းမည်ဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြထားသည်။

ကမ္ဘာ့ရှားပါးတွင်းထွက်မြေရှားသတ္တုထွက်ရှိရာ မြန်မာနိုင်ငံကချင်ပြည်နယ်သည် အိန္ဒိယနှင့် နယ်နိမိတ် ခြင်းထိစပ်နေသဖြင့် အိန္ဒိယနိုင်ငံအနေဖြင့် မဟာဗျူဟာမြောက်အခွင့်အရေး ဆုံးရှံးနေကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာနယ်စပ် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWAS ထိန်းချုပ်ရာဒေသတွင် မြေရှားသတ္တုတူးဖော်မှုများအရင်ထက် ရှစ်ဆ (၈ဆ) တိုးချဲ့လုပ်ဆောင်နေပြီး သတ္တုတွင်း ၂၆ ခုကျော်ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ထားသည်။

မိုင်းပေါက်ဒေသတွင် ၂၀၁၅ ခုနှစ်က မြေရှားသတ္တုတွင်း ၃ ခုသာရှိပြီး ဆယ်စုနှစ်တစ်ခုအကျော် ၂၀၂၅ ခုနှစ်တွင် ၂၆ ခုကျော်အထိ မြို့၏ တောင်ဘက်ရှိ တောင်ကုန်များတစ်လျှောက်တွင်တူးဖော်နေကြောင်း ယင်းအဖွဲ့ထုတ်ချက်တွင်ပါဝင်သည်။

ဓာတ်ပုံ – SHRF၊ ဧရာ၀တီတိုင်းမ်
ပုံစာ-ပုံစာ-UWSA ထိန်းချုပ်ရှာဒေသရှိ မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းနှင့် ကချင်ပြည်နယ်အတွင်းရှိ မြေရှားသတ္တုတူးဖော်နေမှုလုပ်ငန်းခွင်ကိုတွေ့ရစဉ်