ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်

စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာရှိ စစ်ရှောင်များနေထိုင်သည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲချခဲ့ရာ စစ်ရှောင်အများအပြား သေဆုံးကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၁၁ ရက်နံနက် တစ်နာရီခန့်တွင် စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ လင်းတလူးရွာရှိ ဘုန်းကြီး ကျောင်းပေါ် ဗုံးကြဲချခဲ့ရာ စစ်ရှောင်များနေထိုင်သည့် ကျောင်းဆောက်အဦပေါ် ကျရောက် ပေါက်ကွဲသဖြင့် ဒေသခံပြည်သူ ၄၀ နီးပါးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲဖြစ်နေတာတွေတော့ရှိတယ်။ ခုကြဲချခံရတဲ့နေရာကတော့ တိုက်ပွဲမရှိဘူး။ စစ်ရှောင်တွေရှိတဲ့နေရာကို တမင်လာကြဲချသွားတာ”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ရှောင်များရှိနေသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်ကြိမ် ကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

ယမန်နေ့ဇူလိုင် ၁၀ ရက်နေ့တွင် စစ်ကိုင်း၊ ရုံးပင်ရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။