ဧရာဝတီတိုင်းမ်
(မော်ချီး)၊ ဇူလိုင် ၁၀ ရက်

ကရင်နီပြည်နယ်၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဖားဆောင်းမြို့နယ်၊ မော်ချီး ဒေသရှိ လိုလော်ထီးကျေးရွာကို ယမန်နေ့ ဝါဆိုလပြည့်နေ့ ဇူလိုင် ၉ ရက်၊ ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အရပ်သား ငါး ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် အသက် ၈ နှစ် နှင့် ၃ နှစ်အရွယ်ကလေးငယ် နှစ် ဦးအပါအဝင် အမျိုးသမီး လေး ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ငါး ဦး သေဆုံးခဲ့ပြီး ခြောက် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုရားကျောင်းနှင့် နေအိမ် ခြောက် လုံးထက်မနည်း ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီကတော့ ကျွန်တော်တို့ပြည်နယ်တင်မကဘူး၊ တစ်နိုင်ငံလုံးကလူထုတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတာကပိုပြီးတော့မှ စိပ်စိပ်ဖြစ်လာတယ်။ ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။ သူတို့တွေရဲ့ အာဏာသိမ်းမှုကိုလက်မခံတဲ့ မည်သူကိုမဆို သူတို့ကရန်သူအဖြစ်ပဲသတ်မှတ်တယ်” ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီသည် ယခုနှစ်အတွင်း ကရင်နီပြည်နယ်ရှိ အရပ်သားများကိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကို ပိုမိုပြုလုပ်လာခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်ဝက်တာကာလတွင် အရပ်သား ၆၂ ဦးအထိ သေဆုံးခဲ့ရကြောင်းလည်း IEC ကထုတ်ပြန်ထားသည်။

ထိုသို့စစ်ကောင်စီက အရပ်သားများကိုပစ်မှတ်ထားကာ လေကြောင်းတို‌က်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်မီးရှို့ဖျက်ဆီးခြင်းများသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ပြီး နိုင်ငံတကာ အနေဖြင့်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်နိုင်ရန် ထိရောက်စွာ အရေးယူပေးရန် IEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြို့ပေါ်က သူတို့ရဲ့(စစ်ကောင်စီ) control(ထိန်းချုပ်မှု) အောက်မှာရှိတဲ့သူဆို ဖမ်းဆီးနှိပ်စက် သတ်ဖြတ် တာလုပ်သလို သူတို့ရဲ့controlအောက်မှာမရှိတဲ့နေရာတွေကို လက်နက်ကြီးနဲ့သော်လည်းကောင်း၊ အခုလိုမျိုးလေယာဉ်နဲ့သော်လည်းကောင်း ပစ်ခတ်တိုက်ခိုက်တာက လူထုတွေ စားဝတ်နေရေး ပျက်စီးအောင်၊ အကြောက်တရားမှာပဲနေအောင်၊ ပညာရပ်ပိုင်းဆိုင်ရာတွေ ပညာသင်ကြားမှုလူမှု စီးပွားပျက်အောင်လုပ်ခြင်းအားဖြင့် ပိုပြီးတော့မှ လူတွေကိုအကြောက်တရားနဲ့ ပညာမဲ့အောင်လုပ် ပြီးတော့မှ အုပ်ချုပ်မယ်ဆိုတဲ့အယူဝါ‌ဒတွေကို အခြေခံမှုကြောင့်ဖြစ်လာတယ်” ဟု ဗညားခွန်အောင်က ဆက်လက် ပြောကြားသည်။

ကရင်နီဒေသတွင် စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ်ရှိ စစ်ဘေး ရှောင်စခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လေး နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစု သုံး ဦး သေဆုံးခဲ့ရကြောင်းလည်း သိရသည်။

ဓာတ်ပုံ – ပေးပို့