
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ရက်
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ကျေးရွာ ၁၄ရွာမှ နေအိမ်များ မိုးရေကြီးမှုကြောင့် ချောင်းရေ မြင့်တက်ပြီး ရေကြီးနစ်မြုပ်မှု ဖြစ်နေကြောင်း သိရသည်။
ယခု ဇူလိုင် ပထမပတ်အတွင်း မိုးသည်းစွာရွာသွန်းမှုကြောင့် ပန်းမြောင်းကြီး ချောင်းရေတက်လာပြီး ချောင်းတလျှောက်ရှိ ကျေးရွာ ၁၄ရွာခန့် ရေနစ်မြုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“မိုးဆက်တိုက်ရွာပြီး ချောင်းတလျှောက်ကရွာတွေ ရေဝင်နေပါတယ်။ လှေတွေနဲ့ ဘေးလွတ်ရာကို ရှာဖွေ နေကြရပါတယ်” ဟု မင်းပြားဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မင်းပြားမြို့နယ်ရှိ မင်းဖူး၊ ကုလားမတောင်၊ အသေကာလ၊ ဝါးတောင်၊ မြင်းကဆိပ်၊ ချင်းဆိပ်၊ တောတန်း၊ ဒုံးသား၊ ဒုံကြီး၊ တံခွန်တိုင်၊ မြင်းတင်မ၊ လက်ခုတ်၊ ပုလဲတောင်၊ ကပ္ပဲ့ရွာတို့တွင် ရေကြီး နစ်မြုပ်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။
မင်းဖူးကျေးရွာတွင် အိမ်များအတွင်းထိရေဝင်ရောက်ကာ အချို့နေရာများရှိ ရေမှာ ၅ပေကျော် အထိမြင့်တက်လာ၍ နေအိမ်များနစ်မြုပ်နေပြီး ပန်းမြောင်းကြီးချောင်းအနီးမှ ကျေးရွာများရှိ ဒေသခံများသည် ရေလွတ်ရာ အမြင့်ပိုင်းများသို့ တိမ်းရှောင်နေထိုင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ် များထံမှ သိရသည်။
ထို့အပြင် ကျောက်တော်မြို့ရှိ ကျေးရွာအများစုမှာလည်း ရေဝင်ရောက်နေပြီး နေအိမ်များနစ်မြုပ်သည် အထိ ရေကြီး ရေလျှံမှုများဖြစ်ပေါ်နေသည်။
ဓာတ်ပုံ- APM
ပုံစာ- မင်းပြားမြို့နယ်ရှိ ရေနစ်မြုပ်နေသည့်အခြေအနေ