
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ရက်
အဆိုတော်နွဲ့ယဉ်ဝင်း၏သမီး၊ အဆိုတော်အနဂ္ဂ၏ ဇနီး၊ အဆိုတော်သံသာဝင်းကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်ကတည်းက ဖမ်းဆီးခံထားရသည့် အဆိုတော်သံသာဝင်းကို စစ်ကောင်စီက ၂ နှစ် အကြာချုပ်နှောင်ထားပြီး နောက်ထပ် ပုဒ်မများဖြင့်ပါ တရားစွဲဆိုထားကြောင်း သတင်းရင်းမြစ် များထံမှ သိရသည်။
“သူ့အစ်ကိုနဲ့ အတူတူအဖမ်းခံရတာမှာ အစ်ကိုဖြစ်သူကိုလွှတ်ပေးလိုက်တယ်။ သူ့ကိုတော့ ဖမ်းဆီး ထားပြီး ပုဒ်မတွေတပ်တရားစွဲဆိုထားတယ် ပြောပါတယ်။ နှစ် ၂၀ ချလိုက်တယ်လို့ပဲ ကြားနေပါတယ်” ဟု အနုပညာနယ်ပယ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် အဆိုတော်သံသာဝင်းကို ဖမ်းဆီးပြီး ၅၀၅(က)၊ ၅၀(ည)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
“လက်ရှိမှာတော့ ထောင်ဒဏ် ၃နှစ်ချမှတ်ထားပါတယ်။ တခြားပုဒ်မတွေအတွက် တရားရင်ဆိုင်နေရစဲလို့တော့ သိထားပါတယ်” ဟု တရားရေးနှင့် နီးစပ်သူတစ်ဦးကလည်း ဧရာ၀တီတိုင်းမ်ကို အသိပေးပြောကြားသည်။
စစ်ကောင်စီသည် သံသာဝင်း၏ ခင်ပွန်းဖြစ်သူ အဆိုတော်အနဂ္ဂကိုလည်း ၂၀၂၁ ခုနှစ်မှစ၍ ဖမ်းဝရမ်း ထုတ်ထားပြီး ယခုထောင်ဒဏ်ချမှတ်ခံရသည့် အဆိုတော်သံသာဝင်းကို ၂၀၂၁ခုနှစ်က ဖမ်းဆီး စစ်ဆေးကာ ပြန်လွှတ်ပေးခဲ့သော်လည်း၂၀၂၃ ခုနှစ်တွင် နေအိမ်အတွင်း ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီက အဆိုတော် သံသာဝင်းကို ရွေးကောက်ပွဲအနိုင်ရ NLDပါတီအတွက် အောင်နိုင်ရေး သီချင်းများဖြင့်ပါဝင်အားဖြည့်ခဲ့သည်ဟုဆိုကာ အငြှိုးထားခဲ့သလို၊ နိုင်ငံရပ်ခြားတွင် တိမ်းရှောင်နေ သည့် အဆိုတော် အနဂ္ဂကို ဖမ်းမမိ၍ ထောင်ဒဏ်နှစ်ရှည် ချမှတ်နိုင်သည့် ပုဒ်မများတပ်ထားခြင်း ဖြစ်သည်ဟုလည်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
ပုံစာ-အဆိုတော်သံသာဝင်း