
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) အမြန်ဆုံး လည်ပတ်နိုင်ရေးအတွက် ရုရှားပညာရှင်များနှင့် လုပ်ဆောင်နေပြီး လိုအပ်သည် များကို စစ်ကောင်စီက ဖြည့်ဆည်းပေး၍ ပုံဖော်နေကြောင်း သိရသည်။
ပင်းပက် သံမဏိစက်ရုံစီမံကိန်းကို အရပ်သား အစိုးရ NLD လက်ထက်တွင် ရပ်ဆိုင်းခဲ့သော်လည်း စစ်ကောင်စီက အာဏာ သိမ်းပြီးနောက် ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ ပြန်လည်လုပ်ဆောင်လာသလို ရောက်ရှိနေသော ရုရှား ပညာရှင်များကိုလည်း မကြာခဏတွေ့ဆုံလျက်ရှိသည်။
“ဒီစက်ရုံအတွက် ငွေတော်တော်အသုံးပြုခဲ့တယ်။ ရုရှားကနေလည်း အထောက်အပံ့ တော်တော်များများ ရခဲ့တယ်။ ၂၀၁၄ ဦးသိန်းစိန် လက်ထက်တုန်းက ယူရို ၁၃၇ သန်းနဲ့ စာချုပ်ချုပ်ခဲ့တာ ဖြစ်တယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံး(PYO)မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စက်ရုံတွင် လက်နက်ခဲယမ်းများ ထုတ်လုပ်၍ နျူကလီးယားကိစ္စ ကြိုးပမ်းနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရုရှားသည် စစ်ကောင်စီကို ယူရို ၁၀.၅ သန်းတန်ကြေးရှိ နည်းပညာ အကူအညီများ ထပ်မံပေး၍ ရုရှား-မြန်မာ ချစ်ကြည်ရေး ပြယုဂ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ပင်းပက် သံမဏိစက်ရုံ စီမံကိန်းကို တပ်ပိုင်စီးပွားရေးလုပ်ငန်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)နှင့် ရုရှားအစိုးရပိုင် TPE တို့ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ပြီး ယခုနှစ် မေ ၁၇ ရက်ကလည်း ရုရှားပညာရှင်များ ထပ်မံရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ ရုရှားပညာရှင်များသည် ပင်းပက် သံမဏိစက်ရုံ လည်ပတ်နိုင်ရေးအတွက် စက်ရုံရှိ Air Separation Unit ၌ တပ်ဆင်ထားသော စက်ပစ္စည်းကိရိယာများကို စစ်ဆေးရန်နှင့် အပြီးသတ် စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီခန့် တာဝန်ရှိသူများကလည်း စက်ရုံသို့ သွားရောက်၍ လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးရန်နှင့် စက်ရုံလည်ပတ်နိုင်ရေးအတွက် အချိန်မီဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဟု ရုရှား ပညာရှင်များကို တွေ့ဆုံပြောဆိုခဲ့ကြောင်း စစ်ကောင်စီ၏ ဖော်ပြချက်အရ သိရသည်။
လက်ရှိတွင် ရုရှားပညာရှင် ၆၀ ဦးခန့် ရောက်ရှိနေပြီး စစ်ကောင်စီ စက်မှုဝန်ကြီးဌာနက ဧည့်ခံကျွေးမွေး စရိတ် သိန်း ၁၀၀၀ သုံးစွဲခွင့်ရရှိထားကာ စားသောက်ဆိုင်မှတစ်ဆင့် မှာယူကျွေးမွေးနေရကြောင်း သတင်းများထွက်ပေါ်နေပြီး ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ။
ဓာတ်ပုံ-စစ်ကောင်စီ