ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်

စစ်အာဏာရှင်စနစ်ကို ပြတ်သားစွာ ဆန့်ကျင်ခဲ့သည့် ရွှေညဝါဆရာတော် အရှင်ပညာသီဟ သက်တော် (၆၁) နှစ် သည် ယနေ့ ဇူလိုင် ၁၀ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်တွင် အသည်းရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။

ထို့အတူ ထင်ရှားသည့် စာရေးဆရာတစ်ဦးဖြစ်သူ ဆရာမောင်သာချို (ဂျက်-ကွမ်းခြံကုန်း) အသက် (၆၇) နှစ်သည်လည်း ယနေ့ နံနက် ၈ နာရီက ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

ရွှေညဝါဆရာတော်နှင့် ဆရာမောင်သာချိုတို့ နှစ်ဦးစလုံးသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်တွင် စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသူများ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖမ်းဆီးခံရပြီးနောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က/ခ) ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ နှစ်ဦးစလုံး ပြန်လည် လွတ်မြောက်လာခဲ့သည်။

ရွှေညဝါဆရာတော် ခေါ် အရှင်ပညာသီဟသည် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုပရိယတ္တိ စာသင်တိုက်၏ ကျောင်းထိုင် နာယကဆရာတော်တစ်ပါး ဖြစ်ပြီး ၂၀၀၄ ခုနှစ်က စတင်၍ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ခဲ့ကာ ဗုဒ္ဓစာပေများကို ခေတ်နဲ့အညီ သင်ကြားပို့ချပေးခဲ့သည့် ထင်ရှားသော ဆရာတော်တစ်ပါးဖြစ်သည်။

လက်ရှိတွင် ဆရာတော်၏ ရုပ်ကလာပ်ကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် အာရှတော်ဝင် အထူးကုဆေးရုံမှနေ၍ ဆရာ တော် သီတင်းသုံးရာ မှော်ဘီမြို့ရှိ ရွှေညဝါတောရ သာသနာပြု ကျောင်းတိုက်သို့ ပင့်ဆောင်သွားပြီဖြစ်ကာ စစ်အာဏာရှင်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သည့် အတွက် လူထု၏ လေးစားချစ်ခင်မှုကို ရရှိခဲ့သူ ဖြစ်သည်။

ရွှေညဝါဆရာတော်နှင့် တစ်ရက်တည်း ကွယ်လွန်သွားသည့် စာရေးဆရာ မောင်သာချို (ဂျက်-ကွမ်းခြံကုန်း)သည် မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်ပြီး စာပေဟောပြော ပွဲများတွင် ပရိသတ်များကို ဆွဲဆောင်နိုင်သည့် ဟောပြောဟန်ကြောင့် လူသိများသူတစ်ဦး ဖြစ်သည်။

ဆရာမောင်သာချိုသည် မြန်မာစာပါမောက္ခတစ်ဦးဖြစ်ပြီး စာပေကဏ္ဍမျိုးစုံကို ရေးသားခဲ့သည့် စာရေးဆရာကြီးတစ်ဦးဖြစ်ကာ ကင်ဆာရောဂါဖြင့် ပင်လုံဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ ထူးတေဇာ