ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ ဇူလိုင် ၉ ရက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အခြေစိုက် တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ ဇူလိုင် ၈ ရက်နေ့က ၁၀၇မမ ရှော့တိုက်ဒုံးများဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေတပ်ဝင်းအတွင်းသို့ နံနက်အစောပိုင်းတွင် ရှော့တိုက်ဒုံး ၁၁ လုံးဖြင့်ပစ်ခတ်ခဲ့ရာ ​လေး လုံးကို အောင်မြင်စွာ ပစ်နိုင်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီ၏ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ညပိုင်းတွင် ရှော့တိုက်ဒုံး ရှစ် လုံးဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ခုနစ် လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar(BWM) တပ်ဖွဲ့ထံမှ သိရသည်။

“ပစ်မှတ်တစ်ခုတည်းကို တစ်နေ့တည်းမှာ ၂ ကြိမ်ပြန်ပစ်ရတာမို့ အန္တရာယ်အတော်များပါတယ်။ စစ်ကောင်စီကတော့ မဲပြီး ရမ်းသန်း ပြန်ပစ်ပါတယ်။ လက်နက်ခဲယမ်းဂိုဒေါင်၊ ဗုံးဂိုဒေါင်၊ ဆီကန် နဲ့ လေယာဥ်ရုံတွေကိုအဓိကထားပစ်တာမို့ ထိခိုက်မှုအတော်ကြီးတယ်သိရပါတယ်” ဟု BWM အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တောင်ငူလေတပ်သည် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် နှင့် ရှမ်းတောင် ဒေသများကို လေကြောင်းမှဗုံးကြဲတိုက် ခိုက်နေသည့် လေတပ်စခန်းတစ်ခုဖြစ်ပြီး ယနေ့တိုက်ခိုက်မှုတွင် လေတပ်တွင်းထပ်ဆင့် ပေါက်ကွဲသံများကြားခဲ့ရပြီး ထိခိုက်ပျက်စီးမှုများကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ် ကြောင်း လည်း BWM ထံမှသိရသည်။

အဆိုပါပစ်ခတ်မှုကို Brave Warriors for Myanmar (BWM)၊ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) နှင့် KNLA တပ်မဟာ-၂၊ တပ်ရင်း-၅ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

BWMနှင့် ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့် ဇွန် ၁၅ ရက်နေ့ကလည်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာန ချုပ်(နမခ) ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ တပ်ဖွဲ့ဝင် ငါး ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့