
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ရှိ မိမိတို့ဌာနချုပ်ကို တိုက်ခိုက်ရန် မရာကာကွယ်ရေးတပ်-MDF နှင့် အာရက္ခတပ်တော် – AA တို့ စစ်ကြောင်းထိုးနေကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-မရာ (CDF – Mara) က ပြောသည်။
CDF-Mara ဌာနချုပ်ထံဦးတည်၍ MDF နှင့် AA ပူးပေါင်းတပ်တို့မှာ ပြီးခဲ့သည့် ဇွန်လမှစ၍ စစ်ကြောင်း ထိုးလာနေပြီး ၄င်းတို့ထိမ်းချုပ်သည့်နယ်မြေရှိလမ်းများတွင် မိုင်းများထောင်နေကြောင်း CDF-Mara က စွပ်စွဲပြောဆိုသည်။
“MDF နဲ့ AA စစ်ကြောင်း ထိုးလာတာ အရင်လကတည်းကပါ။ ကျတော်တို့ ဌာနချုပ်ဧရိယာထိ ရောက်လာပြီး ကျတော်တို့ ထိန်းချုပ်ထားတဲ့ ရွာတွေက လမ်းတွေမှာ မိုင်းတွေ ထောင်တယ်။ အရပ်သားတွေကလည်း ကျတော်တို့ဆီ အကြောင်းကြားတယ်။ ရဲဘော်တွေကနေ မိုင်းရှင်းလင်းရေးတွေ လုပ်ပေးနေရတယ်”ဟု CDF-Mara ပြောရေးဆိုခွင့်ရှိသူ စီချိုလိုင် (Si Cholai) က ဧရာဝတီတိုင်းမ်ကို ပြောသည်။
MDF နှင့် AA တို့ထောင်ထားသည့်မိုင်းကြောင့် ပြီးခဲ့သည့်ဇူလိုင် ၄ ရက်နေ့က ဒေသခံများမွေးမြူထားသည့် နွားနောက် ၆ ကောင် မိုင်းထိသေဆုံးခဲ့ကြောင်း CDF-Mara က ပြောသည်။
မိမိတို့အနေဖြင့် CDF-Mara ထိန်းချုပ်နယ်မြေတွင်း စစ်ကြောင်းထိုးခြင်း၊ မိုင်းထောင်ခြင်း မပြုလုပ်သလို့ မိမိနယ်မြေ လုံခြုံရေးကိုသာ ဦးစားပေးကာ ပုံမှန် စစ်ရေးလှုပ်ရှားခြင်း ပြုလုပ်နေကြောင့် MDF က ပြောသည်။
“CDF-Mara ပြောဆိုမှုအပေါ်မှာ တော်တော်လေး အံ့ဩရပါတယ်။ ကိုယ့်နေရာမှာ နေနေတာကို စစ်ကြောင်းထိုးတယ်ပြောလိုက် မဆီမဆိုင် AA ကိုဆွဲထည့်လိုက် ဆိုတာမျိုးတွေက ပြသနာကို လက်ရမ်းခေါ်နေသလို ဖြစ်တဲ့အတွက် ဆင်ခြင်ကြရပါမယ်။ ကိုယ့်လူမျိုးအချင်းချင်း မဟုတ်တာတွေနဲ့ တချိန်လုံးဝေဖန်၊ တိုက်ခိုက်ပြောဆိုနေတာက မကောင်းတဲ့ဖက်ကိုပဲဦးတည်စေတဲ့အတွက် အခုလို စုစည်းနိုင်ဖို့ ကြိုးစားနေရတဲ့ကာလမှာ ဒီလိုမမှန်ကန်တဲ့ ထုတ်ပြန်ချက်မျိုး ရှောင်ရှားစေချင်ပါတယ်။”ဟု MDF အတွင်းရေးမှူး ဓူဝံက ပြောသည်။
မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ချင်းလက်နက်ကိုင်အချင်းချင်း ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်နေစဥ် ကာလတွင် ယခုလို MDF နှင့် AA တို့ ထိုးစစ်ဆင်မှု ရပ်တန်ပြီး တပ်ပြန်ဆုတ်ပေးရန် CDF-Mara က တိုက်တွန်းထားသည်။
အချင်းချင်းကြား ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် စစ်ရေးပွတ်တိုက်မှု မဖြစ်ပွါးအောင် ထိုးစစ်များ ရပ်တန့်ပြီး ပြန်လည်ဆုတ်ခွါသွားရန် CDF-Mara က ဇူလိုင်လ ၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။
မတူပီမြို့နယ်အခြေပြုတပ်များကြား နယ်မြေအငြင်းပွားမှုကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်န၀ါရီလအတွင်းက CDF – Mara နှင့် MDF တို့ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်တပ်ဖွဲ့၀င်များ သေဆုံး ဒဏ်ရာရမှုအများအပြား ဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ-CDF – Maraတပ်ဖွဲ့ဝင်များနှင့် MDF တပ်ဖွဲ့ဝင်များ