ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၁၀ ရက်

တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ သုခစစ်ကောင်စီစခန်းမှ ဗိုလ်ကြီး မျိုးဆွေဦး (ခ) စောမိုးဇက် သည် ဇူလိုင်လ ၁ ရက် ညနေ ၃ နာရီခန့်တွင် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄)၊ တပ်ရင်း ၁၀ သို့ ဘက်ပြောင်းခိုလှုံလာခဲ့သည်။

ဗိုလ်ကြီးမျိုးဆွေဦးသည် ပြတ်သားခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံကာ KNLA တပ်ရင်းသို့ ဘက်ပြောင်းလာသည့်အတွက် KNU တပ်မဟာ (၄) မှ ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း သိရသည်။

ဗိုလ်ကြီး မျိုးဆွေဦး (ခ) စောမိုးဇက်သည် ကလိန်အောင်မြို့အခြေစိုက် ခလရ-၂၈၂ တပ်ရင်း၏ အထိုင် စခန်းဖြစ်သော သုခစစ်ကောင်စီစခန်းတွင် တပ်ခွဲမှူးနှင့် စစ်ကြောင်း (၂) စစ်ကြောင်းမှူးရာထူးဖြင့် တာဝန်ယူခဲ့သူဖြစ်ပြီး သုခစစ်ကောင်စီစခန်းကို KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များ မသိမ်းပိုက်မီ ၅ ရက်အလိုတွင် ပြည်သူ့ဘက်သို့ ဘက်ပြောင်းခိုလှုံလာခြင်း ဖြစ်သည်။

“ဇူလိုင် ၁ ရက် ညနေမှာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ကျွန်တော် တစ်ဦးတည်း စခန်းကို စွန့်ခွာခဲ့ တယ်။ တပ်မဟာ (၄) တပ်ရင်း ၁၀ တပ်ရင်းမှူးနဲ့ ချိတ်ဆက်ပြီး ထွက်ခဲ့တာ။ တပ်ရင်းမှူးက အားလုံး စီစဉ်ပေးတယ်။ စစ်အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး မှန်တာပဲလုပ်မယ်။ မှန်တဲ့ဘက်ပဲ ရပ်တည် မယ်။ အဲဒါကြောင့် ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံလာရခြင်းဖြစ်တယ်” ဟု ဗိုလ်ကြီး မျိုးဆွေဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် အကြောင်းပြချက်အမျိုးမျိုး ဖန်တီးပြီး ပြည်သူလူထုအပေါ် တရားမျှတမှုမရှိဘဲ ထင်ရာစိုင်းလိုသည့် ဆန္ဒဖြင့်သာ တိုက်ခိုက်နေသည် ကို တွေ့ရကြောင်း ဗိုလ်ကြီး မျိုးဆွေဦးကဆက်လက် ပြောကြားခဲ့သည်။

ထို့ပြင် လူငယ်အများစုကို အတင်းအဓမ္မ စုဆောင်းပြီး ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်စေခြင်း သည် အလွန်ဆိုးဝါးလှကြောင်း၊ စစ်ကောင်စီ၏ အထက်ပိုင်း ဗိုလ်ချုပ်ကြီးများသာ ကောင်းစားနေပြီး လက်အောက်ငယ်သားများမှာမူ မလုပ်ချင်ဘဲ လုပ်နေရ၊ မတိုက်ချင်ဘဲ တိုက်နေရပြီး ဆုပ်လည်းစူး၊ စားလည်းရူး ဘဝဖြင့် စိတ်ဓာတ်ပျက်ပြားနေကာ ထွက်လမ်းလွတ်လမ်းကိုသာ ရှာဖွေနေကြကြောင်း စစ်ကောင်စီတပ်၏လက်ရှိအခြေအနေကို ၎င်းက ထောက်ပြသည်။

တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်ကာ တစ်နိုင်ငံလုံး စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းတိုက်ပွဲဝင်သွားပါက စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်မည်ဖြစ်ပြီး စစ်ကောင်စီသည် မကြာမီ ပြိုကွဲပျက်စီးနိုင်ဖွယ် ရှိကြောင်း ဗိုလ်ကြီးမျိုးဆွေဦးက ဆက်လက် ပြောကြားသည်။

လက်နက်ကိုင်တော်လှန်နေရသည့် အခြေအနေတွင် အခက်အခဲများ၊ ဆုံးရှုံးမှုများကြားမှ တော်လှန်ရေး တပ်ဖွဲ့များကို ကူညီထောက်ပံ့ပေးနေမှုများအတွက် ပြည်သူလူထုကိုလည်း ကျေးဇူးတင်ရှိကြောင်းနှင့် ပြည်သူလူထုလိုချင်သည့် လွတ်လပ်၍ တရားမျှတမှုရှိသည့် နိုင်ငံဖြစ်ရေးအတွက် စစ်ကောင်စီကို အမြစ် ပြတ်ချေမှုန်းပေးသွားမည်ဖြစ်ဟု ၎င်းက ထပ်မံပြောဆိုခဲ့သည်။

နောင်လာမည့် အနာဂတ်တွင် တိုင်းပြည်တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ တတ်စွမ်းသရွေ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူလူထုများထံ ဗိုလ်ကြီး မျိုးဆွေဦး (ခ) စောမိုးဇက်က သတင်းစကားဆိုထားသည်။