ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၉ ရက်

တနင်္သာရီတိုင်း ၊ တနင်္သာရီ မြိုနယ် ၊ ရေဖြူ စစ်ဗျုဟာ လုံခြုံရေးတပ်စုမှ စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၈) မှစစ်ကောင်စီ တပ်သား နှစ်ဦး လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်း စစ်ဌာနထံမှ သိရသည်။

စစ်ကောင်စီ၏ တနင်္သာရီ မြို့နယ် ၊ ရေဖြူလုံခြုံရေးတပ်စု စစ်ဗျူဟာမှ တပ်သားစိုင်းဝဏ္ဏ နှင့် တပ်သား ဘုန်းမြင့်အောင်တို့သည် ဇူလိုင်လ ၈ ရက်နေ့က ၎င်းတို့ နှင့်အတူ MA-1 သေနတ် တစ် လက်၊ ကျည် ၇၅ တောင့် ၊ ကျည်ဘောက် သုံး ခု ၊အီနာဂါ ၁ လုံး ၊ လက်ပစ်ဗုံး ၂ လုံး တို့နှင့်အတူ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး တနင်္သာရီတိုင်း စစ်ဌာနမှ ကွပ်ကဲရေးမှူး နှင့် ရှေ့တန်းရုံးအဖွဲ့မှ ကြိုဆိုခဲ့ ကြောင်းသိရသည်။

အလင်းဝင်ရောက်လာသည့် တပ်သား နှစ်ဦးစလုံးသည် တနင်္သာရီတိုင်းမှ ဖြစ်ပြီး တစ်ဦးက စစ်ကောင်စီတပ်ရဲ့ ရှေ့တန်း စခန်းတစ်နေရာ မှာဖမ်းဆီးခံရပြီး နောက်တစ်ဦးက မြိတ်မြို့ ပေါ်တွင် ဖမ်းဆီးခြင်းခံရသူများ ဖြစ်ကြောင်း သိရသည်။

“အဖမ်းခံရတဲ့ နှစ်ဦးစလုံးက တနင်္သာရီတိုင်းသားတွေပါ။ တစ်ဦးက စစ်တပ်ရဲ့ ရှေ့တန်းမှာ အကြောင်းမဲ့ ဖမ်းဆီးခံရတာ၊၊ နောက်တစ်ယောက်က မြိတ်မြို့ပေါ်မှာဖမ်းပြီး စစ်မှုထမ်းခိုင်းခံရတာ၊၊ ခလရ – ၄၃၁ ကနေ တစ်ဆင့်ရေဖြူစစ်ဗျူဟာကိုရောက်တာ လေး လပဲ ရှိသေးတယ်။ ရှေ့တန်းက တိုင်းစစ်ဌာနရုံးနဲ့ချိတ်ဆက်ပြီး အလင်းဝင်လာတာပါ။ အိမ်ပြန်ရင်လည်း သူတို့အတွက် အန္တရာယ်ရှိမှာမို့ တော်လှန်ရေးဖက်မှာပဲ နေထိုင်ရပ်တည်သွားဖို့ရှိတယ်။ နှစ်ယောက်စလုံးက အသက်၂၀ ကျော် လူငယ်တွေချည်းပါပဲ” ဟု တနင်္သာရီတိုင်းစစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ထိုသို့ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး လက်နက်နှင့် အတူအလင်းဝင်ရောက်လာသည့်အတွက် ချီးမြှင့်ငွေ သိန်း ၅၀ တိတိကို ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။

စစ်ကောင်စီ တပ်သားများအနေဖြင့် အချိန်မရွေးလာရောက်၍ တပ်ရင်းတပ်ဖွဲ့များ၊ နီးစပ်ရာ တော်လှန်ရေးတပ်များထံ အမြန်ဆုံးပူးပေါင်းကြရန်တိုက်တွန်းထားပြီး တနင်္သာရီတိုင်းစစ်ဌာန၏ တပ်ရင်းတပ်ဖွဲ့များထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာပါက ထိုက်တန်စွာဂုဏ်ပြု ချီးမြှင့်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ ၊ တနင်္သာရီ တိုင်းစစ်ဌာန
ပုံစာ ၊ လက်နက်အပြည့်စုံဖြင့်အလင်းဝင်ရောက်လာသော ရေဖြူစစ်ဗျူဟာ လုံခြုံရေးတပ်စုမှ စစ်ကောင်စီတပ်သား နှစ်ဦး။