ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်

စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်းစည်းလုံးမှုကိုပြိုကွဲစေရန်နှင့် မိသားစု ဝင်များနှင့်ထောင်ဝင်စာတွေ့ခွင့်များခက်ခဲစေရန်ရည်ရွယ်ကာ နိုင်ငံရေးအကျဉ်းသားများကို ထောင် ပြောင်းရွှေ့မှုများ ပြုလုပ်နေကြောင်း Myanmar Prison Witness အစီရင်ခံစာအရ သိရသည်။

စစ်ကောင်စီသည် နှစ်စဉ် နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၁၅၀၀ နှင့်အထက်ကို ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ် ခြောက်လတာတွင်လည်း အကျဉ်းသား ၉၅၀ ဦးအထိ ထောင်ပြောင်း ရွှေ့မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ထောင်ပြောင်းရွှေ့မှုများမှာ နိုင်ငံရေးအကျဉ်းသားများကို စိတ်ပိုင်းဆိုင်ရာဖိအားပေးရန် ရည်ရွယ်ပြီး အကျဉ်းထောင်ဥပဒေများကိုလည်းလိုက်နာခြင်းမရှိသည့်အပြင် မိသားစုဝင်များကိုကြိုတင် အသိပေးခြင်းမရှိပဲ လူသိနည်းနိုင်သည့်အချိန်များ၊ ညသန်းခေါင်ယံ နှင့် နံနက်အစောပိုင်းအချိန်များတွင် ထောင်ပြောင်းလေ့ရှိကြောင်းလည်း MPW ထံမှသိရသည်။

“ပြည်နယ်တစ်ခုကနေတစ်ခု တိုင်းဒေသကြီးတစ်ခုကနေ အခြားတစ်ခုကို ရွှေ့ပြောင်းလိုက်တဲ့အခါ မိသားစုတွေနဲ့က လုံးဝအဆက်အသွယ်ပြတ်သွားကြတယ်။ နောက်ပြီး ပါဆယ်ပို့ဖို့တွေ အသုံး အဆောင်ပစ္စည်းပို့ဖို့တွေဆိုတာက ခက်ခဲမှုတွေအများကြီးရှိသွားတဲ့အတွက် ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ကျဉ်းတွေအားလုံး စားရေးသောက်ရေးအရမ်းကိုခက်ခဲနေကြတယ်” ဟု မြန်မာ့အကျဉ်းထောင် သက်သေ (MPW) ဒုပြန်ကြားရေးတာဝန်ခံ မဆူးငယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

နိုင်ငံရေးအကျဉ်းသားအများစု၏ မိသားစုဝင်များမှာ စီးပွားရေးအဆင်မပြေမှုများရှိနေသည့်အတွက် ထောင်ပြောင်းရွှေ့သည့် ဒေသများသို့လိုက်ပါ ထောင်ဝင်စာတွေ့ရန်အခက်အခဲများရှိနေပြီး နိုင်ငံ ရေးအကျဉ်းသားများအနေဖြင့်လည်း ၎င်းတို့အသစ်ပြောင်းရွှေ့ခံရသည့် ထောင်မှအာဏာပိုင်များ၏ တင်းကြပ်သည့် စစ်ဆေးမှုများနှင့် အသုံး‌‌အဆောင်သိမ်းဆည်းခံရမှုများကြောင့် စားဝတ်နေရေး အခက်အခဲများနှင့် ကြုတွေ့နေရကြောင်းလည်း သိရသည်။

ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်များမှာ ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေး အကျဉ်းသားများကို ထောင်အဝင်ဝတွင်ပင် အကြောင်းပြချက်မရှိ ရိုက်နှက်လေ့ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၂ ရက်နေ့တွင် မုံရွာထောင်မှ အိုးဘိုထောင်သို့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ထောင်ပြောင်းရွှေ့ခံရပြီး ၎င်းတို့ထဲတွင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်လည်းပါဝင်ခဲ့ပြီး အိုးဘို‌ထောင် အကျဉ်းဦးစီးအရာရှိ လက်ထောက်ကြီးကြပ်ရေးမှူးဦးရန်နိုင်လင်းနှင့် ဝန်ထမ်းများက သံတုတ်များ ပူလီကျစ်ကြိုးများဖြင့် ဆီးကြိုရိုက်နှက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၈၈၃ ဦးကိုလည်း ကောင်း၊ ၂၀၂၄ ခုနှစ်တွင် ၁၈၉၃ ဦးတို့ကို ထောင်ပြောင်းရွှေ့မှုပြုလုပ်ခဲ့ပြီး သာယာဝတီထောင်၊ ဒိုက်ဦးထောင်၊ မြောင်းမြထောင်တို့မှာ ထောင်ပြောင်း ရွှေ့ပို့ခံရမှု အများဆုံးထောင်များ ဖြစ်ကြောင်း MPW ၏ အစီရင်ခံစာအရသိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်