
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၉ ရက်
တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ် ၊ကလိန်အောင်မြို့ရှိ အနီးဝန်းကျင်ရွာများကို စစ်ကောင်စီ တပ်ကလက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့ရာ မိသားစုဝင်လေးဦး သေဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရကာဆေးကု သမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။
ကလိန်အောင်မြို့ အခြေစိုက် ခလရ – ၂၈၂ တပ်ရင်း မှနေ၍ ယမန်နေ့ ဇူလိုင် ၈ ရက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က လက်နက်ကြီး လေးလုံး ခန့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီး နဘေး ကော့လှိုင် နှင့် မရမ်းချောင်းကျေးရွာ အကြားတွင် နေထိုင်သော နေအိမ်တစ်လုံး ပေါ်ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ကျရောက်ပေါက်ကွဲမှုကြောင့် ကော့လှိုင်ကျေး ရွာ မိုင်တိုင် ၅၅ အနီး ကားလမ်းမနဘေးတွင် နေထိုင်သော အသက် (၅၀) နှစ်အရွယ် ဦးအေးခိုင် ၊ အသက် (၁၁) နှစ်အရွယ် မမြတ်ဖူးခိုင် ၊ အသက် (၂ နှစ်၆လ) အရွယ် သမီး တစ်ဦး ၊ အသက် (၁) နှစ် အရွယ် သား တစ်ဦး တို့ နေရာမှာပွဲချင်းပြီး သေဆုံးသွား ပြီး အသက် ၃၈ နှစ်အရွယ် ဒေါ်ပပဝင်း မှာ မောရဝတီ ရေတပ်ဆေးရုံတွင် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။
“လက်နက်ကြီး အားလုံး ပစ်တာကလေးလုံးပါ။ ကျန်တဲ့ အလုံးတွေက မရမ်းချောင်း ရွာ နဲ့ အနီးနားကို ကျတယ်။ အဲ့ဒီမိသားစုနေတဲ့ အိမ်နားကိုက တတိယပစ်လိုက်တဲ့ အလုံးလာကြတာ။ အဖေဖြစ်သူနဲ့ သမီး နှစ်ဦး သားတစ်ဦးက ပွဲချင်းပြီးသေသွားတယ်။ ခန္ဒာကိုယ်တွေ ဆို အပိုင်းပိုင်းပြတ်ပဲ။ အိမ်ပေါ် မှာသေနေကြတာ လည်းရှိတယ်။ အိမ်အောက်မှာ သေနေတာလည်းရှိတယ်။ အမေဖြစ်သူလည်း ဒဏ်ရာ ပြင်းထန်တယ်။ လက်တစ်ဖက် ပြတ်သွားတယ်။ အမေဖြစ်သူကို မောရဝတီရေတပ်ဆေးရုံ ပို့ပေးပြီး ဆေးကုသမှုပေးနေတယ်လို့သိရတယ်” ဟု ကော့လှိုင်ကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
နေအိမ် လက်နက်ကြီး ထိမှန်ပြီးသေဆုံးသွားသည့် မိသားစုဝင်များမှာ ကော့လှိုင်ကျေးရွာ ဒေသခံများ မဟုတ်ဘဲ ဧရာဝ တီတိုင်းမှ ဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။
“အခုသေသွားတဲ့ မိသားစု က ဒီရွာကတွေတော့မဟုတ်ကြဘူး။ ဧရာဝတီတိုင်း ဖက်ကတွေပါ။ ကော့လှိုင် မှာ ဝါးခုတ်တဲ့ အလုပ်ကို လုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေပါ။ အခုလို မိသားစု ငါး ယောက်မှာ လေးယောက်သေသွားတော့ စိတ်မကောင်းဘူးပေါ့။ ခင်မင်ရင်းနှီးတဲ့သူတွေဖြစ်နေတော့ ပိုပြီး စိတ်မကောင်းဖြစ်ရတယ်” ဟု မရမ်းချောင်းရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ လက်နက်ကြီး ထိမှန်သည့်နေအိမ် ရှိကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀ ဝန်းကျင်ခန့် တပ်စွဲနေထိုင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ ၊ ဧရာဝတီတိုင်းမ်
ပုံစာ ၊ စစ်ကောင်စီတပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသူမိသားစုဝင် လေးဦးနှင့်ပျက်စီး သွားသောနေအိမ်။