
ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်
တိုက်ပွဲပြင်းထန်နေသည့် ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မြောက်စမ်း အမြောက်တပ် ၃၄၄ကို စစ်ကောင်စီက အင်အား အလုံးအရင်းဖြည့်တင်းပို့ဆောင်ထားကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်အင်အား ၂၈၀ ကို ပြီးခဲ့သည့် ဇူလိုင် ၄ရက်နေ့က အမြောက်တပ် ၃၄၄ အတွင်းကို စစ်သုံးဖောကားများဖြင့် ပို့ဆောင်ခဲ့ပြီး စစ်ကူအင်အားဖြည့်လာသည့် စစ်ကောင်စီတပ်သား အားလုံးနီးပါးမှာ ကျည်ကာအင်္ကျီ၊ ကျည်ကာဦးထုပ်များဖြင့် ဝတ်စုံပြည့်ဝတ်ဆင်ထားကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။
“အင်အားထပ်ပို့တာမှန်ပါတယ် အသေခံတပ်သားတွေလို့ပြောတယ်။ ၃၄၄ထဲကို ဒုတိုင်းမှူးနဲ့ ဒကစမှူး အသစ်ပါရောက်နေတယ် သတင်းကြားပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အမြောက်တပ် ၃၄၄ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အနီးကပ်တိုက်ခိုက်နေပြီး ဘန်ကာ များကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖြိုခွဲနေကြောင်း သိရသည်။
ကျုံပျော် ခလရမှ ထုတ်နှုတ်အင်အားများအပြင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) မှ သင်တန်းဆင်း တပ်သားများကိုပါ အမြောက်တပ်အနီး တိုက်ပွဲသို့ စစ်ကောင်စီက ပို့ဆောင်နေခြင်း ဖြစ်ပြီး အမြောက်တပ်အနီးဝန်းကျင်တွင် ကာကင်းစခန်းများတည်ဆောက်ထားပြီး ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးတူးမြောင်းများပါတူးထားပြီး ၃၄၄ကို ကာကွယ်နေကြောင်း သိရသည်။