
ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်ထိ ခေါ်ဆောင် နိုင်ရန် လုံလောက်သော ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေ၍ လူနှင့်မူ ပြင်ဆင်ပြောင်းလဲရန် အရေးကြီးကြောင်း အရေးတော်ပုံ တပ်သား ဒေါက်တာတေဇာစန်းက ထောက်ပြအကြံပြုသည်။
အထင်ကရ မန္တလေး သပိတ်ခေါင်းဆောင်ဖြစ်သော ဒေါက်တာတေဇာစန်းသည် ❝ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်တဲ့ NUG အစိုးရ ❞ ဟူသော စာစုကို ပြီးခဲ့သည့် ဇူလိုင် ၇ ရက် ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၃ နှစ်ပြည့်တွင် ပြည်သူလူထုသို့ တင်ပြခဲ့သည်။
“NUG အလုပ်ဖြစ်ဖို့လိုတယ်၊ ခေါင်းဆောင်မှု အားကောင်းဖို့လိုတယ်၊ စွမ်းဆောင်ရည် ပြည့်ဖို့လိုတယ်၊ ဒီအတွက် NUG မှာ လက်ရှိတာဝန်ယူထားကြတဲ့ “လူ” ကော၊ ချမှတ်ဆောင်ရွက်နေတဲ့ “မူ” ပါ လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့ အရေးကြီးတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ပြင်ဆင်ပြောင်းလဲမှုကို အချိန်မနှောင်းမီ လုပ်ကြရန်နှင့် တော်လှန်ရေး အောင်မြင်ရန် NUG အားကောင်းရေး လိုအပ်မှု အစရှိသည်တို့ကို NUG တာဝန်ရှိသူများနှင့် မြေပြင်၊ အွန်လိုင်းတို့ဖြင့် တွေ့ဆုံစဥ် ထပ်တလဲလဲ တင်ပြအကြံပြုခဲ့ကြောင်း ဒေါက်တာတေဇာစန်းက ဆိုသည်။
ယင်းစကားသည် တော်လှန်ရေးကို အမြန် ပြီးမြောက် အောင်မြင်စေလိုသည့် စိတ်၊ NUG ကို တော်လှန်ရေးအစိုးရအဖြစ် တကယ်အလုပ်ဖြစ် အားကောင်းစေလိုသည့် စိတ်အပြည့်ဖြင့် ပြော ဆိုတင်ပြခြင်းဖြစ်ပြီး ထိုသို့အကြံပြုခြင်းသည်လည်း ယခုမှ မဟုတ်ဟု ဒေါက်တာတေဇာစန်းက ပြောကြား ထားသည်။
NUG အနေဖြင့် ပြန့်ကျဲနေသည့် တိုက်ခိုက်ရေးအင်အားများကို စနစ်ကျမှန်ကန်သော ဆင့်ကဲကွပ်ကဲ အုပ်ချုပ်ထောက်ပံ့မှုစနစ် မတည်ဆောက်နိုင်သေးသလို အများစုသော PDF ၊ ပကဖ များသည် စစ်တိုက် ၍ရသည့် “တပ်” ဖြစ်မနေဘဲ “လက်နက် ကိုင်ထားသော လူအုပ်ကြီး” သာ ဖြစ်နေကြောင်း ၎င်းက ထောက်ပြသည်။
“ပြန့်ကျဲနေတဲ့ ဒီတိုက်ခိုက်ရေးအင်အား အရေအတွက်တွေကို စနစ်တကျ မစုစည်းနိုင်တဲ့အခါ အရည် အသွေးလည်း တက်မလာတော့ပါဘူး။ ပိုဆိုးတာကတော့ တပ်တည်ဆောက်ရေး ကို လက်တွေ့ကျကျ မလုပ်နိုင်ဘူး” ဟု ဒေါက်တာတေဇာစန်းက ဆက်လက်ပြောသည်။
ထိုကဲ့သို့ မလုပ်နိုင်သည့်အခါ နဂိုက မိမိအားသာချက်ဖြစ်သည့် ရှိရင်းစွဲ “အရေအတွက်” ပင် တဖြည်းဖြည်းနှင့် လုံးပါးပါးလိုက်လာ၊ ကျဆင်းလာသဖြင့် စစ်ရေးတိုက်ပွဲ မျက်နှာစာအတွက် အလွန်ကြီးမားသော စိန်ခေါ်ချက်ကြီး ဖြစ်နေကြောင်းဒေါက်တာတေဇာစန်းက အကြံပြုပြောကြား ထားသည်။
ဒေါက်တာတေဇာစန်းက ယခုကဲ့သို့ အကြံပြုပြောဆိုခဲ့သော်လည်း ၎င်းအနေဖြင့် NUG ကို စတင်ဖွဲ့စည်းစဉ်ကနေ ယနေ့ချိန်အထိ မြန်မာနိုင်ငံ တော်လှန်ရေးကို ဦးဆောင်မည့် တော်လှန်ရေးကာလ အစိုးရ၊ တော်လှန်ရေးတပ်ဦးအဖြစ် လက်ခံ၊ ယုံကြည်ထားပြီး အားကိုး အားထားလည်း ပြုကြောင်း ဆိုထားသည်။
ပုံစာ-ဒေါက်တာတေဇာစန်း