ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ် ၃၄၄ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ဦးကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများက လိုက်လံဖမ်း ဆီးခဲ့ရာ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့ညတွင် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ တဇောင်းရိုးကျေးရွာတွင် အမြောက်တပ်မှထွက်ပြေးလာသည့် တပ်သား ငါး ဦးကို သတင်း အရ လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်ဦးမှာ သေဆုံးပြီး နှစ်ဦးကိုပြန်လည် ဖမ်းဆီးရမိကာ နှစ်ဦး လွတ်မြောက်သွားကြောင်း သိရသည်။

“လိုက်ပြီးဖမ်းဆီးချိန်မှာ တစ်ဦးကို ငှက်ပျောတောထဲမှာ ပစ်သတ်လိုက်တယ်။ သေနတ်လုလို့ ပစ်လိုက်တယ်ပြောတယ်။ နောက်ထပ် ဇောင်းရိုးအထွက် ဆီဆိုင်နားအထိ လိုက်ပစ်ခတ်တော့ နှစ်ယောက်ထပ်မိတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် ကျန်နှစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ အသည်းအသန် ပိတ်ဆို့မှုများပြုလုပ်၍ လိုက်လံရှာဖွေနေသည့်အပြင် အသုတ်ရဲစခန်းမှူး ဇော်နိုင်ထွန်းကလည်း ရဲများကိုဖိအားပေးကာ ရှာဖွေခိုင်းထားကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။

အသုတ်ရဲစခန်းမှ နယ်ခံရဲတပ်ဖွဲ့ဝင်များသည် ဒရုန်းဗုံးချတိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် ရဲစခန်းပြင်ပ တွင်နေထိုင်ကြပြီး အလှည့်ကျကင်းစောင့်ရမည့်သူနှင့် ရပ်ဝေးမှတာဝန်ဖြင့် လာရောက်နေထိုင်ရသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုများသာ ရဲစခန်းဝင်းအတွင်း နေထိုင်ကြောင်း ဒေသတွင်းသတင်းအထူး တပ်ဖွဲ့(ပုသိမ်)က ဖော်ပြထားသည်။

ပုံစာ-စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်း)