ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၉ ရက်

ထိုင်း–မြန်မာနယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ သုခစစ်ကောင်စီတပ်စခန်း တာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦး (ခ) စောမိုးဇက် သည် ဇူလိုင် ၂ ရက်နေ့တွင် ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့ပြီးနောက်၊ ဇူလိုင် ၇ ရက်က စခန်းသိမ်းတိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ သဖြင့် ထူးခြားသည့်ဖြစ်ရပ်အဖြစ် မှတ်တမ်းတင်နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဗိုလ်ကြီးမျိုးဆွေဦးသည် ကလိန်အောင်မြို့ အခြေစိုက် ခလရ – ၂၈၂ တပ်ရင်း၏ သုခစစ်ကောင်စီ အထိုင်စခန်းတွင်တာဝန်ထမ်းဆောင်နေစဉ် ဇူလိုင် ၂ ရက်နေ့တွင် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခဲ့ပြီး အဆိုပါစခန်းသိမ်းတိုက်ပွဲတွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များ နှင့်အတူပါဝင်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

“အခုသွားတိုက်တဲ့ သုခ စခန်း မှာလည်း ဗိုလ်ကြီးမျိုးဆွေဦး ကိုယ်တိုင်ပါတယ်။သူ တာဝန်ယူခဲ့တဲ့ စခန်းကို သူကိုယ်တိုင်ပြန်သွားတိုက်တယ်”ဟု တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးက ဧရာဝတီ တိုင်းမ်ကိုပြောသည်။

ဗိုလ်ကြီးမျိုးဆွေဦး အလင်းဝင်လာပြီး ငါးရက်အကြာတွင် ဇူလိုင် ၇ရက်တွင် ကရင် အမျိုးသား လွတ်မြောက် ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးပ်မတော် (PDF)ပူးပေါင်းတပ်များသည် သုခစစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သုခတပ်စခန်းသိမ်းပိုက်မှု အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦးသည် လက်နက်များ ယူဆောင်၍ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသွားကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ပုံစာ- သုခစစ်ကောင်စီစခန်းက တာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦး ဇူလိုင် ၂ ရက်နေ့က ပြည်သူ့ရင်ခွင်သို့ ခိုလှုံတော့မည်ဟု ပြောကြားနေစဥ်။