
ဧရာ၀တီတိုင်းမ်
ဇူလိုင် ၉ ရက်
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြန်မာထုတ်ကုန်များကို အမြင့်ဆုံး အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံ မည်ဟု စာပို့အကြောင်းကြားခြင်းသည် ၎င်းတို့အပေါ် အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ယူဆ၍ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းသည့် ရလဒ်များမျှော်လင့်ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံ၏ သွင်းကုန်များ အခွန် ၂၅ ရာခိုင်နှုန်း ၄၀ ရာခိုင်နှုန်းအထိ ကောက်ခံသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့က စာပို့အသိပေးခဲ့သည်။
အမေရိကန်နိုင်ငံသည် သွင်းကုန်များအပေါ် ထိုသို့ အခွန်တိုးမြင့်ကောက်ခံရာတွင် မြန်မာနှင့်လာအို နိုင်ငံတို့ကို အမြင့်ဆုံးကောက်ခံမှုဖြစ်သည့် ၄၀ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်ကောက်ခံမည်ဖြစ်ကြောင်း စာရေး အကြောင်းကြားလာခြင်း ဖြစ်သည်။
ထို့သို့ အမြင့်ဆုံးအခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမည်ဆိုသည်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ထံ ပေးပို့သည့် ကုန်သွယ်ရေး နှင့် သက်ဆိုင်သော သဝဏ်လွှာဟုဆိုကာ ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီစာနဲ့ပတ်သက်ပြီး နံပါတ်တစ်ကတော့ အပြုသဘောဆောင်တဲ့ ညှိနှိုင်းမှု၊ ပြန်ကြားမှုတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နံပါတ်နှစ် အချက်အနေနဲ့ကတော့ ဒီညှိနှိုင်းမှုတွေ ကနေပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့်ရလဒ်များရရှိမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်” ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် -၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်တွင် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၀၁ ဒသမ ၉ သန်းခန့် ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် -၂၀၂၅ ခုနှစ်မှာတော့ အမေရိကန် ဒေါ်လာ ၅၈၈ ဒသမ ၃ သန်းကျော်ရှိခဲ့သည်။