
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်
ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်(ခ)အွန်လိုင်းလိမ်လည်ဂိုဏ်းများကို နှိမ်နင်းနိုင်ရေးအတွက် တကြာ့ပြန်ကိုင်တွယ်ရန် တရုတ်အစိုးရ တာဝန်ရှိသူများသည် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ထိုင်း နိုင်ငံအပြင် မြဝတီမြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိုင်းနိုင်ငံမှတဆင့် ရောက်ရှိလာသော တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် ဦးဆောင်အဖွဲ့သည် ဇူလိုင် ၇ ရက်က စစ်ကောင်စီနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုတွေ့ဆုံမှုတွင် ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်း ပေးအပ်နိုင်ရေး ညှိနှိုင်ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်သော်လည်း သတင်းများအရ တရုတ်နိုင်ငံသားများ လွှဲပေးရန်ဖြစ်ကြောင်း သိရသည်။
မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ် (၂)ချစ်ကြည်ရေးတံတား အစည်းအဝေးခန်းမတွင် ပြုလုပ်သော ယင်းတွေ့ဆုံမှုကို စစ်ကောင်စီ ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်အပြင် ထိုင်းနိုင်ငံ၊ တာ့ခ် ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းမတိုင်ခင် ကျားဖြန့်ကိစ္စ အဓိကကိုင်တွယ်သူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး မစ္စတာလျှိုကျုံးရီသည် နေပြည်တော်သို့ ဇူလိုင် ၃ ရက်က သွားရောက်၍ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့နောက် ဇူလိုင် ၄ ရက်တွင် ကျားဖြန့်နှိမ်နင်းနိုင်ရေးအတွက် သုံးနိုင်ငံ ဥပဒေများဖြင့် ညှိနှိုင်းဆောင်ရွက်သွားရန် တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ဒုတိယအကြိမ် အစည်းအဝေးပြုလုပ် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ဆင်သွားရင် လမ်းဖြစ်ဆိုသလိုပဲ။ ပထမအကြိမ် သုံးနိုင်ငံ ကျားဖြန့်ကိစ္စတွေ့တယ်။ ထိုင်းက ရေ၊ မီး၊ အင်တာနက် ဖြတ်တောက်မှုတွေ လုပ်ခဲ့တယ်။ BGF ကိုယ်တိုင် ကျားဖြန့်နှိမ်နင်းရေး လုပ်ခဲ့ရတယ်” ဟု ကျားဖြန့်နှင့်ပတ်သက်၍ လေ့လာစောင့်ကြည့်နေသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တရုတ်သရုပ်ဆောင် လူကုန်ကူးခံရမှုမှ စတင်၍ နိုင်ငံတကာတွင် လူပြောများလာသော ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်ဂိုဏ်းများကို ကိုင်တွယ်ရန် သုံးနိုင်ငံ ပူးပေါင်းရေးအတွက် ယခုနှစ် ဖေဖော်ဝါရီတွင် ပထမအကြိမ် အစည်းအဝေး ပြုလုပ်၍ နှိမ်နင်းခဲ့ခြင်းဖြစ်သည်။
နေပြည်တော်ကို ယခုရက်ပိုင်းအတွင်း လာရောက်ခဲ့သည့် ပြည်သူ့လုံခြုံရေး ဒုဝန်ကြီးသည် ထိုစဉ်က ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သလို ယင်းနောက်ပိုင်းတွင် မြန်မာ-ထိုင်း-လာအို နိုင်ငံများအကြား ကျား ဖြန့်နှိမ်နင်းနိုင်ရေး အစည်းအဝေးများ စတင်လာခဲ့ကြောင်း သိရသည်။
ပထမအကြိမ် ကျားဖြန့်နှိမ်နင်းရာတွင် ဖမ်းဆီးရမိသည့် ဖုန်း၊ ကွန်ပြူတာများကိုပါ တရုတ်အစိုးရထံ လွှဲပြောင်ပေးရသည့်အတွက် ၎င်းတို့အနေဖြင့် ပြည့်စုံသော သတင်းအချက်အလက်များ ရရှိထားသည် ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
“အထူးသဖြင့် အစိုးရ/စစ်တပ် အရာရှိတွေရဲ့ ခြစားမှု၊ ပါဝင်ပတ်သက်နေမှုမျိုးပေါ့။ အကယ်၍ ဒီတခါထပ်ကြပ်ရင် စောချစ်သူတို့လည်း အရင်လို လူလည်လုပ်ဖို့ ခက်လိမ့်မယ်ထင်တယ်” ဟု ကျားဖြန့်နှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်နေသူက သုံးသပ်သည်။
စစ်ခေါင်းဆောင်အနေဖြင့် ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ချီးမြှင့်ထားသည့် ဗိုလ်မှူးကြီးစေချစ်သူပိုင်ဆိုင်သည့် ကုမ္ပဏီကို မကြာသေးခင်က အမည်ပျက်စာရင်းသွင်းကြောင်း ကြေညာထားသည်။
စစ်ကောင်စီကမူ ယခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဇူလိုင် ၇ ရက်အထိ ပြည်ပနိုင်ငံသား ၉,၁၉၈ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၈၉၈၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်း၍ ကျန်ရှိ ၂၁၁ ဦးအား ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- စစ်ကောင်စီ