
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၈ ရက်
တနင်္သာရီတိုင်း ၊မြိတ်ခရိုင် ၊ ကျွန်းစုမြို့နယ်၊ မဲတောရွာတွင် စစ်မှုထမ်းရန်လူငယ်များကို အဓမ္မစုဆောင်းပေးနေသော အုပ်ချုပ်ရေးမှူးကိုဝင်ရောက်ဖမ်းဆီးရာ ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း မြိတ်ခရိုင် အမှတ် – ၂ တပ်ရင်း ထံမှသိရသည်။
တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ကျွန်းစုမြို့နယ် ၊ မဲတောကျေးရွာ အုပ်ချုပ်ရေးမှူး ကိုအောင်မြင့်အား မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ ကိုယ်တိုင်သုံးစွဲခြင်း အဓမ္မစစ်မှုထမ်းများခေါ်ဆောင်ခြင်း စစ်မှုထမ်းများအတွက် အုပ်စုရွာများတွင် ငွေကြေးကောက်ခံခြင်းများမပြုလုပ်ရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိသောကြောင့် ဇူလိုင် ၇ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဝင်ရောက်ဖမ်းဆီးရာ ထွက်ပြေးရန်ကြိုးစားသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း သိရသည်။
“အုပ်ချုပ်ရေးမှူး အောင်မြင့်ကို အကြိမ်ကြိမ် သတိပေးထားတယ် မူးယစ်ဆေး နဲ့ပတ်သက်တာတွေ ၊တပ်သားစုဆောင်းပေးတာတွေမလုပ်ဖို့။ သူကလိုက်နာမှုမရှိဘူးလေ။ အဲဒါကြောင့် သူ့အိမ်မှာ သွားဖမ်းတာ သူကထွက်ပြေးသွားတာ၊လိုက်ရှာတော့ အုပ်ချုပ်ရေးမှူး အောင်မြင့်ကို သူ့အပေါင်းအပါလူမိုက်တွေနဲ့ အတူတွေ့ရှိရတယ်။ဝင်ဖမ်းတဲ့ အချိန်မှာ တုတ် ၊ဓားတွေနဲ့ ပြန်လည်ခုခံကြတယ်။အဲဒီအချိန်မှာ သေနတ်နှစ်ချက်ဖောက်ပြီး ခြောက်လှန့်ပစ်ခတ်လိုက်မှ လူမိုက်တွေ ထွက်ပြေးသွားကြတယ်”ဟု မြိတ်ခရိုင် အမှတ် – ၂ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖမ်းဆီးပြီးနောက် ရှာဖွေရာတွင် ခန္ဒာကိုယ်အတွင်းမှ ဘီယာချမ်းအတိုနှစ်ဘူး နှင့် သုံးလက်စ မူးယစ်ဆေးများ၊ခဲပြားများ တွေ့ရှိခဲ့ကြောင်း သိရသည်။
“သူ့ကို ဖမ်းလာတဲ့အချိန်မှာ စစ်တပ်ဘက်ကသင်္ဘောတစ်စီး က ကျွန်တော်တို့ရှိရာကို ပွိုင့်ဖိုက် သေနတ်နဲ့ လှမ်းပစ်တယ်။ကျွန်တော်တို့ အဖွဲ့ဝင်တွေကလည်း နေရာယူလှုပ်ရှားရင်း နဲ့ အလုပ်ရှုပ်သွားကြတယ်။အဲဒါကို အောင်မြင့်က အခွင့်ရေးယူပြီး ဆဲဆိုအော်ဟစ်ပြီးထွက်ပြေးတယ်။ အဲဒီအချိန်မှာ အခြေအနေအရ ပစ်ခတ်ဖမ်းဆီးရာသေဆုံးသွားတယ်”ဟု မြိတ်ခရိုင် အမှတ် – ၂ တက်ရင်း မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။
အဆိုပါ လုပ်ဆောင်မှုကို မြိတ်ခရိုင် အမှတ် – ၂ တပ်ရင်း ၊ တနင်္သာရီ မြို့နယ် ပကဖ ဇုန် – ၆ နှင့် ဒေါင်းနက် အဖွဲ့ သုံးဖွဲ့တို့ မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီလက်ပါးစေများ အနေဖြင့် မိမိတို့လုပ်ရပ်များအား ရပ်တန့်ကြရန် နှင့် ဆက်လက်လုပ်ဆောင်မည်ဖြစ်ဆိုပါက ထိရောက်သည့်အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-သေဆုံးသူ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်မြင့်