
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူအစပ်တွင် စစ်ကောင်စီနှင့် AAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည့်အတွက် ယမန်နေ့ ဇူလိုင် ၇ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းမှ အတွဲလိုက်ဗုံးများကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇူလိုင်ပထမပတ်မှစတင်ပြီး ပန်းတောကြီး၊ ကျောက်စရစ်ကုန်း၊ မကျည်းပင်ကွင်း၊ အောင်ဘော်လမ်းဆုံ၊ လက်တံငယ်တို့တွင်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်သည်။
“မြို့နယ်ချင်းစပ်တဝိုက်ကို အတွဲလိုက်ဗုံးတွေနဲ့ချနေတာ။ ဆယ်တွဲမကတော့ဘူး။ မြေပြင်အထိအခိုက်များနိုင်တယ်။ စစ်ရှောင်မသွားနိုင်တဲ့ ကလေးနဲ့ သက်ကြီးပိုင်းတွေလည်း ထိနိုင်တယ်” ဟု ဧရာဝတီဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အပြင် စစ်သေနတ်များဖြင့်ပါ ပတ်၍ ပစ်ခတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
“စက်သေနတ်တွေနဲ့ပါ မွှေ့နေတာ။ အသံတွေက တရစပ်ပဲ။ လုံးဝရပ်မသွားဘူး။ ညက ၁၂နာရီကျော်တဲ့အထိ ပစ်ခတ်သံတွေကြားရတယ်။ အိမ်တွေပါတုန်အောင် ဗုံးကြဲနေတာ” ဟု ဒေသခံက ပြောသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်နေပြီး ကျေးရွာချင်းစပ်လမ်းကြောင်းများကို ပိတ်ဆို့ထားကာ ဒေသခံများကို တားဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။
“အခုလက်ရှိတော့ ဘယ်ရွာတွေပိုပြီး အထိနာနေတယ် ပြောမရသေးဘူး။ အဆက်အသွယ်တွေပြတ်နေတယ်။ AAက စစ်ရေးသတင်းလုံခြုံတော့ ဘယ်နေရာတွေထိတယ် သေချာမပြောနိုင်ဘူး။ အသံတွေအရတော့ လက်တံငယ်ဘက်ဖြစ်မယ်” ဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။