
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၈ ရက်
တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် ၊ ထိုင်း – မြန်မာ နယ်စပ်မျဉ်းပေါ်ရှိ စစ်ကောင်စီ၏ သုခစခန်းကို kNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KNU တပ်မဟာ (၄) ထံမှသိရသည်။
ရေဖြူမြို့နယ် ၊ ကလိန်အောင် မြို့အရှေ့ဘက်ခြမ်း ထိုင်း – မြန်မာနယ်စပ်မျဉ်းပေါ်ရှိ အင်အား ၃၀ ဝန်းကျင်ခန့်ရှိသည့် သုခ စစ်ကောင်စီစခန်းကို ဇူလိုင် ၇ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များကအပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“စခန်းက တော့ ဇူလိုင် ၇ ရက်နေ့မှာ စတိုကတယ်။အဲဒီ တစ်ရက်အတွင်းမှာပဲရတယ်။စစ်ကောင်စီတပ်သားတွေထွက်ပြေးတယ်။ထိုင်းဘက်ကို ထွက်ပြေးကြတာ က ၂၄ ယောက်ရှိတယ်”ဟု KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ သုခစစ်ကောင်စီစခန်းသည် ကလိန်အောင်မြို့အခြေစိုက် ခလရ – ၂၈၂ တပ်ရင်း မှ အထိုင်ချတပ်စွဲနေထိုင်သော စခန်းဖြစ်ကြောင်းသိရသည်။
“အဲဒီ သုခစခန်းက ခလရ – ၂၈၂ တပ်ရင်းကထိုင်ထားတယ်။သုခ စခန်းက စစ်ကောင်စီတပ်သား တွေက လက်နက်အချို့ယူပြီး ထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားတယ်။သူတို့ (စစ်ကောင်စီ) တပ်သားသေဆုံးမှုကို ကျွန်တော်တို့အတိအကျမသိရသေးဘူး။ဒီနေ့ မှာ နယ်မြေရှင်းလင်းရေးတွေလုပ်နေတုန်းပဲ” ဟု ပဒိုစောအယ်နားက ဆက်လက်ပြောကြားသည်။
သုခစခန်းကို သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ထားဝယ်ခရိုင်နှင့် ထိစပ်နေသည့်နယ်စပ်တစ်လျှောက်ရှိ ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်း ထိုင်း – မြန်မာ နယ်စပ်မျဉ်းပေါ်ရှိ စစ်ကောင်စီတပ်၏ နတ်အိမ်တောင် စခန်းတစ်ခုသာ ကျန်ရှိတော့ကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားအစည်းရုံးအရုံး KNU တပ်မဟာ ၄ စစ်ရေးဥဦးဆောင်မှုနှင့်အတူ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် PDF ပူးပေါင်းတပ်များ မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုင်း – မြန်မာ နယ်စပ် စခန်းများကို KNU / KNLA စစ်ရေးဦးဆောင်မှုနှင့်အတူ တော်လှန်ရေးပူးပေါင်းတပ်များက မေ ၉ ရက်နေ့တွင် ထီးခီးစခန်း ၊မေလ ၂၈ ရက်နေ့တွင် ထီးထစခန်း ၊ ဇွန်လ ၁၀ ရက်နေ့တွင် ဗောဓိစခန်း ၊ ဇွန်လ ၁၂ ရက်နေ့တွင် ငါးရံ့နီစခန်း နှင့် ဇူလိုင်လ ၇ ရက်နေ့တွင် သုခစခန်းတို့ကို အသီးသီး သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ ၊ KNU
ပုံစာ ၊ ဇူလိုင် ၇ ရက်နေ့က KNU နဲ့ PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သော ထိုင်း – မြန်မာ နယ်စပ်က သုခစစ်ကောင်စီစခန်း။