
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
ရှမ်းမြောက်၊ တအာင်းတပ်မဟာ ၃ နယ်မြေ နောင်ချို မြို့နယ်တွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွါးနေကြောင်း သိရသည်။
နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊ နောင်လင်နှင့် မျက်ချင်းနုကျေးရွာတို့တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း TNLA က ထုတ်ပြန်သည်။
ဇူလိုင် ၆ ရက်နေ့တွင် ကျောက်ကြမ်းကျေးရွာ၌ ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီက လက်နက် ကြီး ၂၄ လုံးနှင့် ဒရုန်းဗုံး အလုံး ၃၀ တို့ဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် နောင်လင်ကျေးရွာတိုက်ပွဲ၌လည်း စစ်ကောင်စီတပ်က ဒရုန်းဗုံး ၁၆ လုံး၊ လက်နက်ကြီး အလုံး ၄၀ တို့ဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သည်။
ယင်းနောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လုံစံကျေး ရွာဘက်သို့ လေကြောင်းမှ ဗုံး ၃၂ လုံးနှင့် လုံဖာကျေးရွာဘက်သို့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၅ ရက်နေ့ကလည်း နောင်ချိုမြို့နယ်ရှိ ကျောက်တော၊ ကျောက်ကြမ်း၊ နောင်လင်၊ မျက်ချင်းနုကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီး ၂၇ လုံးနှင့် ဒရုန်းဗုံး တစ်လုံးတို့ဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု TNLA ကဆိုသည်။
စစ်ကောင်စီသည် နောင်ချိုမြို့ကို ပြန်လည်ရရှိရေးအတွက် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စမ်းသပ်ဆဲ လက်နက်များဖြင့်ပါ ပစ်ကူတိုက်ခိုက်နေကြောင်း သိရသည်။
တောင်ခမ်းရှိ TNLA သိမ်းပိုက်ခြင်းမပြုရသေးသည့် နယ်မြေအချို့ကို ခြေကုပ်ယူကာ မြေပြင်မှ စစ်ကြောင်းများခွဲ၍ နောင်ချိုကို စစ်ကြောင်းထိုးလာသည့်အတွက် TNLA တပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။