
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၈ ရက်
တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် ၊ ရေဖြူမြို့ နှင့် ထားဝယ်မြို့ မှ စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၈) မှစစ်ကောင်စီ တပ်သား သုံးဦး လက်နက် နှစ်လက်ဖြင့် ဇူလိုင် ၄ ရက်နေ့ကအလင်းဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်းထံမှ သိရသည်။
အလင်းဝင်ရောက် လာသော စစ်ကောင်စီတပ်သား သုံးဦး မှာ ရေဖြူမြို့နယ် ၊ ကံပေါက်အခြေစိုက် ခလရ – ၂၇၃ တပ်ရင်း မှ စစ်ကောင်စီတပ်သား နှစ်ဦး နှင့် ထားဝယ်မြို့အခြေစိုက် ခမရ – ၂၅ တပ်ရင်း မှ စစ်ကောင်စီတပ်သား တစ်ဦးတို့ဖြစ်ကြကြောင်းသိရသည်။
အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား သုံးဦးသည် ၎င်းတို့ နှင့်အတူ MA-1 သေနတ် နှစ်လက်၊ ကျည် ၁၂၀ တောင့် ၊ ကျည်ဘောက် ခြောက် ခု ၊ လက်ပစ်ဗုံး တစ်လုံး တို့နှင့်အတူ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းမှကြိုဆိုခဲ့ ကြောင်းသိရသည်။
”အလင်းဝင်ရောက်လာတဲ့တပ်သား သုံးဦးက ရှေ့တန်းက နေပြီးထွက်ပြေးလာကြတာပါ။ကျွန်တော်တို့ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းကနေပြီး တစ်ဆင့်ဆက်သွယ်ပြီး ဝင်ရောက်လာတာပါ။ မြိတ်မြို့က တစ်ဦး ၊ ပလမြို့က တစ်ဦး နဲ့ ပြည်မြို့က တစ်ဦးပါ။ သုံးဦး စလုံးက စစ်မှုထမ်း အပတ်စဥ် (၈) ကပါ။ တာဝန်ထမ်းဆောင်နေတာ ရှစ်လပဲရှိသေးတယ်။မြိတ်က တစ်ဦးက အိမ်မှာဧည့်စာရင်း စစ်ရင်းနဲ့ အဖမ်းခံရတာ။ပလမြို့ကတစ်ဦးက မူးပြီးလမ်းဘေးမှာ အိပ်ပျော်နေတုန်း အဖမ်းခံရတာ။ပြည်မြို့က တစ်ဦးကတော့ ကားပေါ်က ဆွဲချပြီး အဖမ်းခံရတာပါ။ သုံးဦးစလုံးက စစ်မှုထမ်း သင်တန်း သုံးလတက်ခဲ့ရတာပါ။သူတို့ဆန္ဒအရလွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးသွားမယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး လက်နက်နှင့် အတူအလင်းဝင်ရောက်လာသည့်အတွက် လက်နက် တစ်လက်ကို ချီးမြှင့်ငွေ သိန်း ၅၀ သတ်မှတ်ပြီး လက်နက် နှစ်လက် ကို စုစုပေါင်း ချီးမြှင့်ငွေ သိန်း ၁၀၀ တိတိပေးအပ် လိုက်ပြီဖြစ်ကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။
စစ်မှုထမ်း ဥပဒေဖြင့် အဓမ္မဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်သားများအနေဖြင့် အချိန်မရွေးလာရောက်၍ ပြည်သူနှင့်အတူ ပူးပေါင်းကြရန် တော်လှန်ရေးတပ်ဖွဲ့များနှင့်တပ်ရင်းများမှ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း။
ပုံစာ ၊ လက်နက်အပြည့်စုံဖြင့်အလင်းဝင်ရောက်လာသော ခလရ – ၂၇၃ တပ်ရင်း မှ စစ်ကောင်စီ တပ်သား နှစ်ဦး နှင့် ထားဝယ်မြို့ ခမရ – ၂၅ တပ်ရင်း မှ စစ်ကောင်စီ တပ်သားတစ်ဦး။